ကြက်သွန်နီအငွေ့ကို ရှူခြင်းက Covid-19 ရောဂါပိုးကို မဖယ်ရှားနိုင်ဘူးလို့ ကျွမ်းကျင်သူတွေ ပြောဆို

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 စက်တင်ဘာ 2021 အချိန် 12h42
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ကြက်သွန်နီအငွေ့ကို ရှူရင် ဒါမှမဟုတ် ကြက်သွန်နီကို ဝါးစားရင် အသက်ရှူလမ်းကြောင်းထဲက Covid-19 ရောဂါပိုးကို သတ်နိုင်တယ်လို့ ပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီမျှဝေထားကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ကြက်သွန်နီက Covid-19 ရောဂါကို ကာကွယ်၊ ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား မရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၂၃,၀၀၀ ကျော် ပြန်လည်မျှဝေခဲ့တာ တွေ့ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ရိုက်ယူခဲ့တဲ့ screenshot

ပို့စ်ကို “"အသက်ရှူလမ်းကြောင်းနှင့်အဆုပ်အတွင်း ရောဂါပိုးကင်းစေရေး” ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။

“ယခုတလော အဖြစ်များနေတဲ့ ကိုဗစ်ကူးစက်မြန်ရောဂါပိုးနဲ့ လည်ချောင်းနဲ့ အဆုပ်အတွင်းက ရောဂါပိုးတွေကင်းဝေးစေဖို့ ပိုးသတ်နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ ကြက်သွန်နီအငွေ့ကို ရှူပေးဖို့လိုပါတယ်” လို့ ပို့စ်ရဲ့ ပထမစာပိုဒ်မှာ ရေးထားပါတယ်။

လည်ချောင်းအတွင်းက ရောဂါပိုးတွေ ကင်းစင်ဖို့အတွက် ကြက်သွန်နီတစ်လုံးကို နှစ်ခြမ်းခွဲပြီး ထွက်လာတဲ့အငွေ့တွေကို ပါးစပ်နဲ့အားရပါးရ ရှူရမယ်လို့ အဲဒီပို့စ်မှာ ဆိုပါတယ်။ နောက်ထပ် ကြက်သွန်တစ်လုံးကိုလည်း အခွံခွာ ရေဆေးပြီး ညက်အောင် ဝါးစားရမယ်လို့ အဲဒီပို့စ်မှာ ဆက်ရေးထားပါတယ်။

“အဆုပ်ဝေဒနာရှင်များ၊ ချွဲသလိပ်များနေသူများနှင့် ကိုဗစ်ဝေဒနာရှင်များ ဤနည်းကို သုံးစွဲပါက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါမည်”(မူရင်းသတ်ပုံ)လို့လည်း ပို့စ်မှာ ဖော်ပြပါတယ်။

အလားတူ ပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားတာ တွေ့ရပါတယ်။

အဲဒီပို့စ်ကို ဘလော့ဂ်စာမျက်နှာတွေဖြစ်တဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှာယွင်းနေပါတယ်။

ကျန်းမာရေးနယ်ပယ်က ကျွမ်းကျင်သူတွေကတော့ ကြက်သွန်နီအငွေ့ကို ရှူရုံ၊ ကြက်သွန်နီကို စားသုံးရုံနဲ့ ကိုဗစ်ရောဂါကို ကာကွယ်၊ ကုသလို့ မရဘူးလို့ ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ကြက်သွန်နီအငွေ့ရှူခြင်းက ကိုဗစ်ရောဂါပိုးကို မဖယ်ရှားနိုင်ဘူးလို့ AFP ကို ပြောပါတယ်။

“ဒီပို့စ်ပါ အကြောင်းအရာတွေက အချက်အလက်အမှားတွေ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“(နေမကောင်းတဲ့လူတစ်ယောက်က) ကြက်သွန်နီရှူနေရင်း ကောင်းသွားမှာပဲလို့ ထင်နေရင် လိုအပ်တဲ့ကုသမှုတွေကို အချိန်မီမရဘဲနဲ့ နောက်ကျသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို misinformation (အချက်အလက်အမှား)တွေက တော်တော်လေး ဆိုးပါတယ်။” လို့ သူက ထပ်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ချူလာလောင်ကွန်းတက္ကသိုလ်၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန (Department of Preventive and Social Medicine) က ပါမောက္ခ Thira Woratanarat ကလည်း “ဒီပို့စ်ပါ အဆိုနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ သုတေသနပြုပြီး ရရှိလာတဲ့ ခိုင်မာတဲ့အထောက်အထား မရှိဘူး” လို့ AFP ကို စက်တာဘာလ ၆ ရက်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ မေလတုန်းက အိန္ဒိယနိုင်ငံမှာ ပျံ့နှံ့ခဲ့တဲ့ “ကြက်သွန်နီကို စားရင် Covid-19 ရောဂါကို ကာကွယ်နိုင်တယ်”လို့ ဆိုထားတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီး AFP ရဲ့ အချက်အလက်စိစစ်မှုကိုလည်း ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization) ရဲ့ အရှေ့တောင်အာရှရုံး တာဝန်ရှိသူကလည်း “ဒီအဆိုနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျလေ့လာထားတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မရှိဘူး”လို့ ပြောပါတယ်။

မြန်မာ၊ အင်္ဂလိပ်စတဲ့ ဘာသာစကားအမျိုးမျိုးနဲ့ အဓိကကျတဲ့စကားလုံး (keywords) တွေ သုံးပြီး ရှာဖွေခဲ့ပေမယ့် ကြက်သွန်နီက Covid-19 ဗိုင်းရပ်စ်ကို သေစေနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား မတွေ့ရှိရပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ