ဒီဓာတ်ပုံတွေက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေ အိမ်လုပ်ဒုံးကျည်ပစ်ခတ်နေတာကိုပြတဲ့ ဓာတ်ပုံတွေမဟုတ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 စက်တင်ဘာ 2021 အချိန် 10h04
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ပါဝင်နေတဲ့ လူငယ်တွေက PVC ပိုက်နဲ့ပြုလုပ်ထားတဲ့ ကုန်ကျစရိတ်သက်သာတဲ့ဒုံးကျည်စနစ်ကို စမ်းသပ်ပစ်လွှတ်အောင်မြင်ပြီဆိုတဲ့ ပို့စ်နဲ့ ဓာတ်ပုံတစ်ချို့ကို Facebook မှာအများအပြား ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းယူမှု မဖြစ်ပွားခင်ကဖြစ်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ကျင်းပလေ့ရှိတဲ့ ဒုံးလွှတ်ပွဲတော်ကိုပြတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ဒီပို့စ်ကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှု အကြိမ်ပေါင်း ၈၀ ကျော်ရှိနေပါတယ်။

ဒီပို့စ်ရဲ့ ပထမပုံနှစ်ပုံမှာတော့ PVC ပိုက်တွေနဲ့ပြုလုပ်ထားတဲ့ လက်လုပ်ဒုံးကျည်ကရိယာတွေကို လူအချို့က တပ်ဆင်နေတာကို တွေ့ရပြီး နောက်ဆုံးပုံမှာတော့ ဒုံကျည်တစ်စင်းကို လေထဲကိုပစ်လွှတ်နေတာကို တွေ့ရပါတယ်။

ဒီပို့စ်နဲ့အတူ စာသားကို အောက်မှာတွေ့ရပါတယ်။

“တာဝေးပစ် ဒုံး ပြီးတော့ ဝေဟင်ပစ် PVC ဒုံး လာပြီ

မိဘပြည်သူများ အထူးဝမ်းသာစရာကတော့
ယောနယ် ၊ ကလေးမြို့နယ် ၊ အခြား ဒေသမျာနှင့်
ဒေသကာကွယ်ရေး တပ်ဖွဲ့များအတွက် -
မနေ့က တာဝေးပစ် ဒုံးများရဲ့ နောက်ဆက်တွဲ ဒီနေ့မှာတော့ ဝေဟင်ပစ် pvc ဒုံးများကို စမ်းသပ်အောင်မြင်ခဲ့ပါပြီ ။
ယ္ခုမြင်နေရသော ဒုံးလက်နက်သည် အလေးချိန်ပေါ့ပါးပြီး
၅ ကီလို အမြင့်ထိ ပို့ဆောင်အားရှိကာ ယခုထက်ပိုပြီး
ဆက်လက်ပြီး ပစ်မှတ်အား တိကျစွာ ပစ်ခတ်နိုင်ရန်အတွက် တရုတ်နှင့် လာအို နိုင်ငံမှ နည်းပညာ နှင့် ကိရိယာအစိတ်
အပိုင်းများအား မှာယူထားခဲ့ကြောင်း သိရပါသည် ။
ယခု ထုတ်လုပ်သော ဒုံးလက်နက်သည် ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့်
အရှေ့တောင် ပိုင်းဒေသများ ၊ လာအို နိုင်ငံ ကျေးလက်များတွင် တရားမဝင်စမ်းသပ်သုံးစွဲနေသော အလွယ်တကူ ပြုလုပ်နိုင်သော ကုန်ကျစားရိတ်နည်းသော လက်လုပ်ဒုံး ဖြစ်ကြောင်းနှင့် Gz လူငယ်များမှ ထိုနည်းပညာအားး သွားရောက်လေ့လာ သင်ယူ
အောင်မြင်ခဲ့ပြီး ဖြစ်ပါကြောင်း ... ။
အရေးတော်ပုံအောင်ရမည်။” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရယူထားတဲ့ အထင်လွဲမှားစေတဲ့ပို့စ် Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းဆန့်ကျင်ရေးလုပ်ရှားမှုက လူငယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံအနှံ့ဖွဲ့စည်းခဲ့ကြပါတယ်။

လတ်တလောမှာ စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အိမ်လုပ်လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ အာဏာသိမ်းဆန့်ကျင်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဘလော့ခ်ပိုစ့် ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက ဒီဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာတွေ့ရပြီး ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဒုံးလွှတ်ပွဲတော်ကပုံတွေဖြစ်နေတာ တွေ့ရပါတယ်။

Ban Bung Fai” လို့ခေါ်တဲ့ ဒီဒုံးပစ်ပွဲတော််ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ လယ်သမားတွေက မိုးရာသီကို ကြိုဆိုပြီး စိုက်ပျိုးသီးနှံအောင်မြင်အောင်ဆုတောင်းတဲ့အနေနဲ့ ကျင်းပကြတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။

ပထမဆုံး ဓာတ်ပုံကို ၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ထိုင်းဘလော့ခ်တစ်ခုက ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

“Udon Thani ပြည်နယ်၊ ဖန်းခရိုင်က မခမ်းလိုင်ဒဏ္ဍရီနဲ့ ဘန်ဖိုင်လန် ရိုးရာ” ဆိုတဲ့ခေါင်းစဥ်နဲ့ ထိုင်းနိုင်ငံ အီစန်ဒေသမှာကျင်းပလေ့ရှိတဲ့ ပွဲတော်အကြောင်းကို ဒီဘလော့ခ်မှာ ရေးသားထားပါတယ်။

အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ခ်ပို့စ်ကဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ခ်ပို့စ်ကဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot

ဒုတိယဓာတ်ပုံကိုတော့ ၂၀၁၉ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံရဲ့ပြည်နယ်တစ်ခုမှာကျင်းပတဲ့ ဒုံးပစ်ပွဲတော်က မတော်တဆမှုကို ဖော်ပြထားတဲ့ သတင်းဆောင်းပါးမှာ တွေ့ရပါတယ်။

“ဇွန်လ ၂ ရက်နေ့၊ ညနေ ၅ နာရီတွင် Nong Bua Lam Phu ပြည်နယ်အခြေစိုက် ရဲတပ်ဖွဲ့သည် ယာယီဒုံးပစ်စခန်းတွင် မတော်တဆဖြစ်မှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ မတော်တဆဖြစ်ပွားမှုကြောင့် ဒေသခံလူတချို့ ထိတ်လန့်တုန်လှုပ်မှုများဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ ယမ်းမှုန့်များကို PVC ပိုက်တွင် ထည့်သွင်းပြုလုပ်ထားသည့် ဒုံးအစအနများကို မီးလောင်လျက်တွေ့ရှိရပြီး ကြည့်ရှု့နေသူအချို့အား လောင်ကျွမ်းခဲ့သည့်အပြင် ၁ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။” ဆိုပြီး အဲ့ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ သတင်းဆောင်းပါးမှဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ သတင်းဆောင်းပါးမှဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot

တတိယဓာတ်ပုံကတော့ ဒုံးပစ်ပွဲတော်အတွက် ဒုံးကျည်တွေကို ဘယ်လိုပြင်ဆင်သလဲဆိုတာပြတဲ့ YouTube ဒီဗီဒီယိုက ရယူထားတဲ့ Screenshot ဖြစ်ပါတယ်။

“ဘန်ဖိုင်စင် ဘယ်လိုပြင်ဆင်ရမလဲ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဒီဗီဒီယိုကို YouTube မှာ ၂၀၁၁ ခုနှစ်၊ မေလ ၈ ရက်က မျှဝေထားပါတယ်။

အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ ဗီဒီယိုကရယူထားတဲ့ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
အထင်လွဲမှားစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ ဗီဒီယိုကရယူထားတဲ့ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot

အာဏာသိမ်းမှု ဆန့်ကျင်တပ်ဖွဲ့တွေက PVC ပိုက်တွေနဲ့ပြုလုပ်ထားတဲ့ဒုံးကျည်တွေကို တိုက်ပွဲတွေမှာအသုံးပြုနေတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေကို AFP က မတွေ့ရပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်