ဒီဓာတ်ပုံက တာမွေမြို့နယ်မှာ ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက ဓာတ်ပုံအဟောင်းသာ ဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 စက်တင်ဘာ 2021 အချိန် 06h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ စက်တာဘာ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ တပ်မတော်ယာဉ်တစ်စီးကို အာဏာသိမ်းမှုဆန့်ကျင့်တဲ့ တပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ပုံလို့ ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်တော်တော်များများနဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ မျှဝေခဲ့ကြပါတယ်။ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံဟာ ပြီးခဲ့တဲ့ဇွန်လက ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်ယာဉ်တစ်စီး တိုက်ခိုက်ခံရမှုဖြစ်စဉ်က ဓာတ်ပုံအဟောင်းပဲ ဖြစ်ပါတယ်။

မီးတောက်တွေ ကျွမ်းလောင်နေတဲ့ ကားတစ်စီးရဲ့ ဓာတ်ပုံကို “ရန်ကုန် ဒဂုံဘက်မှာတော့ ပွဲကြမ်းနေပြီ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ စက်တာဘာ ၉ ရက်က ဖော်ပြခဲ့တာပါ။

အဲဒီပို့စ်မှာ “ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၆ ရပ်ကွက် တပင်ရွှေထီးလမ်းပေါ် တပ်စွဲထားသော စစ်ကောင်စီတပ်ကား ၂ စီးအနီးတွင် ယနေ့ နံနက် ၉ နာရီခန့်က ဗုံး ၂ ကြိမ်ပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရှိရသည်”လို့လည်း တစိတ်တပိုင်း ရေးထားပါတယ်။

Image
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲမှားစေတဲ့ ပို့စ်ရဲ့ screenshot

မြန်မာနိုင်ငံမှာ စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ကြောင်း ပြောဆိုနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “ပြည်သူ့တော်လှန်ရေးတစ်ရပ်” ဆင်နွှဲကြဖို့ ပြောဆိုကြေညာခဲ့တဲ့နောက် အခုလိုပို့စ်တွေ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တပ်မတော်က အာဏာသိမ်းယူမှုဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ဖရိုဖရဲအခြေအနေတွေနဲ့ ကြုံတွေခဲ့ရပြီး ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုတွေဟာ လူတွေသေကြေတဲ့အထိ ဖြိုခွင်းခံရပါတယ်။ နယ်စပ်ဒေသတွေမှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား တိုက်ပွဲတွေ တဖန်ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။

အလားတူ ပြောဆိုမှုတွေကို ဘလော့ဂ်စာမျက်နှာတွေဖြစ်တဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ အဲဒီစစ်ကားမီးလောင်နေတဲ့ပုံကို ပြီးခဲ့တဲ့ဇွန်လက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ စစ်တပ်ယာဉ်တစ်စီးကို အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ အကြောင်းရေးသားထားတဲ့ သတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကို နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံနဲ့အတူ ဇွန်လ ၁၈ ရက်မှာ Myanmar Now သတင်းဌာနက ဒီလင့်ခ်မှာ သတင်းရေးသားဖော်ပြခဲ့ပါတယ်။

Image
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်မှာ ရိုက်ယူခဲ့တဲ့ Myanmar Now သတင်းရဲ့ screenshot

“ဇွန်လ ၁၈ ရက်က တာမွေမြို့နယ်မှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း စစ်သားတွေ တင်ဆောင်ထားတဲ့ စစ်ကားတစ်စီးဟာ ကြီးမားတဲ့ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့တယ်” လို့ Myanmar Now သတင်းက ဆိုပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Myanmar Now သတင်းမှာ ဖော်ပြခဲ့တဲ့ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Myanmar Now သတင်းမှာ ဖော်ပြခဲ့တဲ့ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

အဲဒီပေါက်ကွဲမှုအကြောင်းကို ဧရာဝတီနဲ့ DVB သတင်းဌာနတွေကလည်း ဖော်ပြခဲ့ကြပါတယ်။

အဓိကကျတဲ့စကားလုံး (keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းမှာ တပ်မတော် စစ်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာအခြေစိုက်သတင်းဌာနတွေက ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး AFP အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်