တရုတ်ရုပ်သံဇာတ်လမ်းတွဲထဲကဇာတ်ဝင်ခန်းကို မြန်မာမှာဖြစ်တာလို့ဆိုထားတဲ့ ဗီဒီယိုမှားတစ်ခုပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 စက်တင်ဘာ 2021 အချိန် 06h12
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ဟောင်ကောင်, AFP ထိုင်း
မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ အာဏာရယူမှုကို ဖီဆန်တဲ့ အရပ်သားလက်နက်ကိုင်တွေ နေရာအနှံ့ ပေါ်ထွက်လာနေချိန် တစ်ဖက်မှာလည်း ကျေးရွာတစ်ရွာကို တပ်မတော်က လေကြောင်းတိုက်ခိုက်တယ်လို့ဆိုထားတဲ့ဗီဒီယိုတစ်ခုကို လူမှုမီဒီယာတွေမှာ မျှဝေနေကြပြီး ကြည့်ရှုတဲ့အကြိမ်ရေ သိန်းနဲ့ချီရှိနေပါတယ်။ ဒါပေမယ့် ဗီဒီယိုနဲ့အတူတွဲတင်ထားတဲ့စာသားပါအချက်အလက်တွေဟာမှားယွင်းနေပြီး အမှန်တော့ ဒီဗီဒီယိုဟာ တရုတ် ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “Glory of the Special Forces” (အထူးတပ်ဖွဲ့ဝင်တို့၏ဂုဏ်ရည်) မှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်ပါတယ်။

“၁၀/၉/၂၀၂၁
ချင်းပြည်နယ်၊ထန်တလန်မြို့၊(lungler)ကျေးရွာကို
စကစ တပ်မှဂျက်ဖိုက်တာဖြင့်ပြစ်ခတ်ဖြတ်စီးသည့် မှတ်တမ်းဗီဒီယို ပါ။” ဆိုပြီး Facebook ပို့စ်တစ်ခုက စက်တင်ဘာလ ၁၀ ရက်နေ့မှာ တင်ထားပါတယ်။ (မူရင်းသတ်ပုံပါအတိုင်း)

အဆောက်အအုံငယ်တွေပတ်ဝန်းကျင်မှာ ဆင့်ကဲပေါက်ကွဲမှုတွေတွေ့မြင်ရတဲ့အဲဒီဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ရေပေါင်း ၁၅၀၀၀၀ ကျော်ရှိနေပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရယူထားတဲ့ screenshot

မြန်မာနိုင်ငံ မြို့နယ်အများအပြားက ဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁ ရက်တုန်းက အာဏာရယူခဲ့တဲ့တပ်မတော်ကိုဖြုတ်ချဖို့ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းခဲ့ကြတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက မြန်မာလို လုံလဲရ်လို့သိကြတဲ့ Lungler ကျေးရွာနဲ့ကပ်နေတဲ့ စစ်စခန်းတစ်ခုကို တပ်ဘက်က လေကြောင်းပစ်ကူပေးနေတဲ့ကြားကနေ CDF နဲ့ CNA တို့ သိမ်းယူခဲ့ပြီးတဲ့နောက်မှာ ဒီဗီဒီယိုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

တန်ပြန်ထိုးစစ်ဆင်ဖို့ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို တပ်ဘက်က စေလွှတ်ခဲ့တယ်လို့ Times of India သတင်းစာမှာ ရေးသားထားပေမယ့် ကျေးရွာတွေကို လေယာဉ်နဲ့တိုက်ခိုက်တယ်ဆိုတာမျိုးတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။

အဲဒီဗီဒီယိုကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ဒီလင့်ခ်၊ YouTube ရဲ့ ဒီလင့်ခ်နဲ့ဒီလင့်ခ်အပြင် Twitter ရဲ့ ဒီလင့်ခ်နဲ့ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး အရင်တုန်းကလည်း ဒီဗီဒီယိုပါမြင်ကွင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်တယ်လို့ပြောနေတာ မဟုတ်မှန်ကြောင်း ထုတ်ဖော်ရေးသားတာမျိုး ရှိခဲ့ပါတယ်။

တရုတ်အစိုးရသတင်းစာဖြစ်တဲ့ Jiefang Daily လက်အောက်ခံ သတင်း app (အပလီကေးရှင်း) Shanghai Observer ရဲ့ အချက်အလက်စိစစ်ရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Rumor Buster က ဒီဗီဒီယိုနဲ့ပတ်သက်ပြီး အလားတူပြောဆိုမှုတွေဟာ မဟုတ်မှန်ကြောင်း ၂၀၁၉ ခုနှစ်တုန်းက ထုတ်ဖော်ရေးသားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒီဗီဒီယိုမှာမြင်ရတာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာဆိုပြီး တရုတ်နိုင်ငံက လူမှုမီဒီယာတွေမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

Rumor Buster မှာ ဖော်ပြထားတဲ့အချက်အလက်အချို့က အခုလိုဖြစ်ပါတယ်။ “ယခုနှစ် (၂၀၁၉ ခုနှစ်) ဇူလိုင်လ ၅ ရက်တွင် ဒါရိုက်တာ Xu Jizhou (ရှုကျိကျို) က “နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုပြီးပါပြီ” ဟူသောစာသားနှင့်အတူ Weibo တွင် ပို့စ်တစ်ခု တင်ခဲ့ပါသည်။ အဆိုပါစာသားနှင့်အတူ ဗီဒီယိုတစ်ခုကို တွဲတင်ခဲ့ပြီး အဆိုပါဗီဒီယိုသည် မကြာသေးခင်ရက်ပိုင်းက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသောဗီဒီယိုနှင့်အတူတူပင် ဖြစ်ပါသည်”

“ရှုကျိကျို၏ မကြာသေးခင်က တင်ထားသော Weibo ပို့စ်များအရ အဆိုပါဗီဒီယိုသည် လက်ရှိရိုက်ကူးနေဆဲဖြစ်သည့် “Glory of the Special Forces” (အထူးတပ်ဖွဲ့ဝင်တို့၏ဂုဏ်ရည်) ဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်ကြောင်း တွေ့ရှိရပါသည်”

အောက်မှာ Rumor Buster မှာဖော်ပြထားတဲ့ တရုတ်ဒါရိုက်တာ ရှုကျိကျိုရဲ့ Weibo ပို့စ် screenshot ဖြစ်ပါတယ်။

Image
စက်တင်ဘာ ၁၅ က ရယူထားတဲ့ screenshot

အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာဖွေကြည့်တဲ့အခါ နေ့စွဲအရပိုစောတဲ့ ဗီဒီယို ဒီလင့်ခ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က အဲဒီ TV ဇာတ်လမ်းတွဲရဲ့ တရားဝင် Weibo အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပျံ့နှံ့နေတဲ့ဗီဒီယိုကို ဒီဗီဒီယိုရဲ့ ၄၄ စက္ကန့်မှာ တွေ့ရပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့က အခုလိုဖြစ်ပါတယ်။ “ချောက်ကမ်းပါးမှာပေါက်ကွဲ၊ ရွှံ့ထဲမှာ လူးလိမ့်၊ လေဒဏ်မိုးဒဏ်ကြံ့ကြံ့ခံ၍”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဗီဒီယို (ဘယ်) နဲ့ Weibo ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ဗီဒီယို (ဘယ်) နဲ့ Weibo ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

AFP က ဒါရိုက်တာ ရှုကျိကျိုကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ တုံ့ပြန်မှုမရရှိသေးပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်