ဒါဟာ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်က တိုက်ပွဲအကြောင်း ရေးသားထားတဲ့ သတင်းက ဗီဒီယိုဟောင်းတစ်ခုသာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 စက်တင်ဘာ 2021 အချိန် 06h18
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ သြဂုတ်လထဲမှာ တပ်မတော်ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်တာကိုပြတဲ့ ဗီဒီယိုတစ်ခုကို Facebook ပို့စ်အတော်များများက မြန်မာနိုင်ငံအတွင်းမှာ မကြာခင်က ဖြစ်ပွားခဲ့သလိုမျိုး ပြန်လည်မျှဝေနေကြပါတယ်။ ဒီဗီဒီယိုဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာလိုက်တဲ့နောက် အွန်လိုင်းပေါ်မှာ အခုလိုပဲ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာနားလည်မှုလွဲစေနိုင်ပါတယ်။ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က တပ်မတော်ယာဥ်တန်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဟောင်းတစ်ခုသာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှု အကြိမ်ပေါင်း ၁၂,၀၀၀ ကျော်နဲ့ ကြည့်ရှုတဲ့အကြိမ်ရေ ၃၅၀၀၀၀ ကျော် ရှိနေပါတယ်။

ဒီဗီဒီယိုနဲ့အတူမြန်မာလိုရေးသားထားတဲ့ ပိုစ့်ကိုအောက်မှာ တွေ့နိုင်ပါတယ်။

“သေရဲတဲ့ကောင် ထွက်ခဲ့လို့ မြို့ပြမှာ dog လိုဟောင်တဲ့ကောင်တွေ
ခုကားပေါ်က ဆင်းပြီ အော်လေ dog သားတွေ ..
ခုကျတော့ကားပေါ်ကဆင်းပီး dog ပြေး ပြေးတာမြင်မကောင်းဘူးရယ်..” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ရယူထားတဲ့ အထင်လွဲမှားစေတဲ့ပို့စ် Screenshot

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာသိမ်းယူခံလိုက်ရတဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က အာဏာသိမ်းတပ်မတော်ကို တော်လှန်ရေးစစ်ပွဲကြေညာလိုက်တဲ့နောက်မှာ ဒီဗီဒီယိုကို အခုလိုပဲ အွန်လိုင်းမှာ တွေ့ရတာဖြစ်ပါတယ်။

မေလအတွင်းမှာလည်း NUG က လက်နက်အင်အားကောင်းပြီး တိုက်ပွဲအတွေ့အကြုံတွေရှိတဲ့ စစ်တပ်ကို တုံ့ပြန်တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါ် PDF တပ်ဖွဲ့တွေကို ဖွဲ့စည်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေက စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေကို အိမ်လုပ်လက်နက်တွေနဲ့ တုံ့ပြန်တိုက်ခိုက်တဲ့ ပြည်သူတွေပဲဖြစ်ပြီး လတ်တလောမှာတော့ စစ်တပ်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်တာမျိုးမရှိသေးပါဘူး။

ဒီပို့စ်အောက်က မှတ်ချက်တွေကိုဖတ်ကြည့်တဲ့အခါ ဒီဗီဒီယိုဟာ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ စစ်တပ်နဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကလို့ လူတစ်ချို့ အထင်အမြင်လွဲနေတာ တွေ့ရပါတယ်။

“PDF တွေနင်းလိုက်သောမြေ အောင်မြေတွေဖြစ်လို့ အောင်ပွဲတွေဆက်တိုက်ရပါစေ PDF အားလုံးဘေးကင်းကြပါစေ။” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်က ပို့စ်အောက်မှာ မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် “ပြည်သူတွေကို အနိုင်ကျင့်နေတာ သူတို့အလှည့်ရောက်ပီပေါ့ကွာ” (မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့မှတ်ချက်တွေလည်းတွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။

တကယ်တော့ ဒီဗီဒီဟာ ၂၀၂၀ ခုနှစ်ကတည်းက မြန်မာ့တပ်မတော်နဲ့ ရခိုင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြောင်းတင်ပြထားတဲ့ သတင်းတစ်ခုမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါမှာ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ People Media ကသူတို့ရဲ့ YouTube စာမျက်နှာမှာ “တပ်မတော်ယာဥ်တန်းကို AA အဖွဲ့မှ မိုင်းခွဲသည့် ရုပ်သံ”ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

မြန်မာလိုရေးသားထားတဲ့ ဒီဗီဒီယိုရဲ့ဖော်ပြချက်မှာတော့ “တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေများတွင် တပ်မတော်ယာဉ်တန်းများ မကြာ ခဏ မိုင်းခွဲတိုက်ခိုက်ခံရပြီး တပ်မတော်သားများ ထိခိုက်ကျဆုံးမှုများဖြစ်ပေါ်နေခြင်းကြောင့် အခြားသော အစားထိုးယန္တရားများကို အသုံးပြုရန် လိုအပ်ကြောင်း တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးကဆိုပါတယ်။” ဆိုပြီး ဖော်ပြထားပါတယ်။

အောက်မှာ အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) ကို မူလဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့မြင်နိုင်ပါတယ်။

Image
အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) ကို မူလဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းကို ဧရာဝတီသတင်းကလည်း ၂၀၂၀ခုနှစ်၊ ဇွန်လက ဒီဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတယ်လို့ ဆိုထားတဲ့ ရက္ခိုင့်တပ်တော်ဟာဆိုရင် အဖွဲ့တည်ထောင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက မြန်မာ့တပ်မတော်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ