ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိတဲ့ အမေရိကန်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း ဖြစ်ပါတယ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 စက်တင်ဘာ 2021 အချိန် 10h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မကွေးတိုင်းမှာ တပ်မတော်စစ်ယာဉ်တန်းတစ်ခုကို အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တပ်ဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ဓာတ်ပုံလို့ ပြောဆိုထားတဲ့ ပုံတစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအဆိုက မှားပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိတဲ့ "Jarhead: Law of Return" အမေရိကန်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့ပါတယ်။

Image
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်က ရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲပြီးရေးထားတဲ့ စာသားမှာ “မကွေး Pdf တွေရဲ့ လက်ရာ ... မအလ အဘသား အရိုးကိုက်စစ်ခွေးများ။ ကြားဖြတ်တိုက်ပွဲ ဆွဲတာတောင် ရှယ် လုံးဝ. ဂွတ်ရှယ် ။ © Sep.19”(မူရင်းသတ်ပုံ) ဆိုပြီး ရေးထားပါတယ်။

PDF ဆိုတာ မြန်မာနိုင်ငံမှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ “ပြည်သူ့ကာကွယ်ရေးတပ်”တွေကို အင်္ဂလိပ်လို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး နိုင်ငံအာဏာကို တပ်မတော်က ရယူခဲ့တဲ့နောက် ပြည်တွင်းမှာ ဖရိုဖရဲအခြေအနေတွေနဲ့ ကြုံတွေခဲ့ရပါတယ်။ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုတွေဟာလည်း လူတွေသေကြေတဲ့အထိ ဖြိုခွင်းခံရပါတယ်။

ပို့စ်မှာ ရေးထားတဲ့ “မအလ”ဆိုတာ မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက ခေါ်ဝေါ်တဲ့နာမည်ပြောင် ဖြစ်ပါတယ်။

ပို့စ်အောက်မှာ ရေးထားတဲ့ မှတ်ချက်တွေကို ကြည့်ရင် အဲဒီပို့စ်ဟာ ဖတ်ရှုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့ ပို့စ်အောက်မှာ Facebook အသုံးပြုသူတစ်ယောက်က “PDF တွေ အောင်မြင်ပါစေ” လို့ မှတ်ချက်ရေးခဲ့ပြီး အခြားတစ်ယောက်ကလည်း “PDF များ ဘေးကင်းပါစေ” လို့ ရေးထားပါတယ်။

အလားတူ ပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ အဲဒီအဆိုက မှားယွင်းနေပါတယ်။

Google ပေါ်မှာ ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါမှာတော့ အဲဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Jarhead: Law of Return" အမည်ရတဲ့ အမေရိကန်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို ပြတဲ့ မြင်ကွင်းဖြစ်နေတာ တွေ့ရပါတယ်။

AFP ရဲ့ အချက်အလက်စိစစ်သူက အဲဒီဇာတ်ကားကို ကြည့်ရှုခဲ့ပြီး မှားယွင်းနေတဲ့ပို့စ်မှာပါတဲ့ဓာတ်ပုံနဲ့ ကိုက်ညီတဲ့ မြင်ကွင်းကို ဇာတ်ကားရဲ့ တစ်နာရီနဲ့ ၂၈ မိနစ်ဝန်းကျင်မှာ တွေ့ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ ရုပ်ရှင်ထဲက ကြားဖြတ်တိုက်ခိုက်မှု ဇာတ်ဝင်ခန်း (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ ရုပ်ရှင်ထဲက ကြားဖြတ်တိုက်ခိုက်မှု ဇာတ်ဝင်ခန်း (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

အဲဒီဓာတ်ပုံနဲ့ တထေရာတည်းဆင်တူတဲ့ ဓာတ်ပုံကို ၂၀၁၉ ခုနှစ်က စပိန်ဘာသာစကားနဲ့ရေးထားတဲ့ ဒီဇာတ်ကားအညွန်းမှာလည်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီရုပ်ရှင်အညွန်းက Jarhead: Law of Return ရုပ်ရှင်အကြောင်း ရေးသားထားတာပါ။

နာမည်ကြီးရုပ်ရှင်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ IMDB စာမျက်နှာပေါ်က ဒီဗီဒီယိုမှာလည်း ပို့စ်မှာဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ဆင်တူတဲ့ မြင်ကွင်းကို အခြားရှုထောင့်တစ်ခုကနေ တွေ့နိုင်ပါတယ်။

အဓိကကျတဲ့စကားလုံး (keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ပို့စ်မှဖော်ပြထားသလို စက်တင်ဘာ ၁၉ ရက်က မကွေးတိုင်းဒေသကြီးမှာ တပ်မတော်စစ်ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတဲ့ ယုံကြည်ရတဲ့သတင်းတွေ မတွေ့ရှိခဲ့ပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်