၂၀၁၇ ဈာပနအခမ်းအနားတစ်ခုတက်ရောက်တုန်းကပုံကို အာဏာသိမ်းပြီးမြင်ရတဲ့ဒေါ်အောင်ဆန်းစုကြည်လို့ဆိုတဲ့အချက်အလက်မှား
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းဖြစ်စဉ်အတွင်း ထိန်းသိမ်းခံရတဲ့ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်ပေါင်းများစွာမှာ အကြိမ်ရေသောင်းနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ပုံမှာမြင်ရတာဟာ ၂၀၁၇ ခုနှစ်တုန်းက NLD ပါတီဥက္ကဋ္ဌဟောင်းတစ်ဦးရဲ့ဈာပနကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာတုန်း ရိုက်ကူးထားတဲ့ AFP ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
အဲဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၄,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။
“ဓမ္မကို အဓမ္မက နိုင်သွားလေသလား ??????
လိုက်သွားတာတောင် အပြုံးလေးနဲ့???
#ဒီနေ့ကိုတသက်မမေ့ဘူး
ကြည့်မိလို ဟတ်ထိလို့မပြီး ဖြစ်နေသောအခါ...” (မူရင်းအတိုင်း)
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီပို့စ်ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်လို့ရပါတယ်။ တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီက တခြားသော ထိပ်တန်းခေါင်းဆောင်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အရေးပေါ်အခြေအနေကို တစ်နှစ်သတ်မှတ်ကြေညာခဲ့တာပါ။
တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အာဏာမသိမ်းခင် သုံးနှစ်အလို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တုန်းက AFP ရဲ့ဒီလင့်ခ်မှာတင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ “ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဟောင်းဦးအောင်ရွှေ၏ ဈာပနပွဲကို တက်ရောက်ပြီးနောက် ပြန်လည်ထွက်ခွာလာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ အောင်ကျော်ထက်/AFP”
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

အစိုးရသတင်းစာတစ်စောင်ဖြစ်တဲ့ The Global New Light of Myanmar မှာလည်း ဦးအောင်ရွှေရဲ့နာရေးအကြောင်းသတင်းကို ဒီလင့်ခ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က တင်ထားပါသေးတယ်။ ဦးအောင်ရွှေဟာ NLD ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး NLD ပါတီကို ၁၉၉၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
သတင်းပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။
“ဈာပနအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌဟောင်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့သည်”