တူရကီကရွှေချောင်းတွေကို မြန်မာနိုင်ငံက ဂျပန်ရတနာသိုက်မှာတွေ့တယ်ဆိုတဲ့အချက်အလက်မှား

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

လော်ရီကားအစီး ၁၀၀ လောက်ရှိမယ့် ရွှေချောင်းတွေကို မွန်ပြည်နယ်က ဂျပန်ရတနာသိုက်တစ်ခုမှာတွေ့တယ်ဆိုတဲ့ပြောဆိုမှုနဲ့အတူ ရွှေချောင်းတွေပုံကို Facebook ပို့စ်ပေါင်းများစွာမှာ အကြိမ်ရေထောင်ချီ မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ပုံမှာမြင်ရတဲ့ရွှေချောင်းတွေဟာ ၂၀၁၆ ခုနှစ်တုန်းက တူရကီမှာဖြစ်ပေါ်ခဲ့တဲ့ “တရားမဝင်တူးဖော်မှုဖြစ်စဉ်” အကြောင်း သတင်းတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၀,၀၀၀ ကျော် ရှိခဲ့တာပါ။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ရယူထားတဲ့ screenshot

နားလည်မှုလွဲစေတဲ့ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။

“သံဖြူဇရပ် မိန်ဗလာတောင်က ဂျပန်ရတာနာသိုက်ရှာဖွေတွေ့ရှိ
ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုနဲ့မွန်ပြည်သစ်
ပါတီ ပြည်နယ်အစိုးရတို့ရှာဖွေနေတဲ့
ဂျပန် ရတနာသိုက်မှ ရွှေချောင်းတွေ ယခုလက်ရှိ
ကားတစ်စီးစာတွေ့ရှိပါသည်
   မူလက ဈေးရောင်းသောအမျိုးသမီးမျက်မြင်
အရ တစ်နေ့ကိုကားအစီး ၂၀ ခန့်မောင်းထည့်
ထားကြောင်းသိရပါသည်
       ခန့်မှန်းချက်အရ ရွှေချောင်းများ  ကားအစီး
၁၀၀ ခန့်တွေ့ရှိနိုင်ကြောင်းသိရပါသည်။” (မူရင်းအတိုင်း)

သံဖြူဇရပ်မြို့ဟာ မွန်ပြည်နယ်မှာတည်ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်သိမ်းထားတဲ့အချိန် အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေကိုအသုံးပြုပြီး သေမင်းတမန်ရထားလမ်းကိုတည်ဆောက်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် နာမည်ကြီးပါတယ်။

တူညီတဲ့ဓာတ်ပုံတွေနဲ့ အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို တူရကီသတင်းဝဘ်ဆိုက်ရဲ့ဒီလင့်ခ် SuperHaber မှာ ၂၀၁၇ တုန်းက ဖော်ပြထားတာတွေ့ရပါတယ်။

တူရကီဘာသာစကားနဲ့ဖော်ပြထားတဲ့ သတင်းခေါင်းစဉ်ကတော့ အခုလိုဖြစ်ပါတယ်။ “အာဒိုဂန်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဟောင်းကို FETO နှင့်အဆက်အသွယ်ရှိမှုဖြင့် တရားစွဲဆို” 

သတင်းပါစာသားအချို့ကတော့ အခုလိုပါ။ “ဒီဇင်ဘာလတုန်းက Kemer ခရိုင်ထဲက Goynuk Canyon ဒေသမှာ တရားမဝင်တူးဖော်မှုတွေလုပ်နေတုန်း ရွှေချောင်း တန် ၂၀ တွေ့တယ်ဆိုပြီး အာဏာပိုင်တွေ သတင်းရခဲ့ပါတယ်။ အဲဒီသတင်းအပေါ်အခြေခံပြီး သတင်းရတဲ့ဧရိယာကို ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါမှာ အဝင်အဝကိုပိတ်ထားတဲ့ ဂူတစ်ခုထဲမှာ ရွှေရောင်သုတ်ထားတဲ့ ပလာစတာချောင်း ၃၆၉ ချောင်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်”

FETO နဲ့ ပတ်သက်နေတဲ့အပြင် တရားမဝင်ရွှေတူးတဲ့ဖြစ်စဉ်မှာလည်း ပါဝင်ခဲ့တဲ့အတွက် တူရကီသမ္မတအာဒိုဂန်ရဲ့ လုံခြုံရေးခေါင်းဆောင်ဟောင်းကိုလည်း တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

FETO ဆိုတာကတော့ တူရကီလူမျိုးအစ္စလာမ်ဘာသာရေးဆရာ Fethullah Gulen ရဲ့အဖွဲ့ကိုရည်ညွှန်းတာဖြစ်ပြီး တူရကီအစိုးရကတော့ အဲဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားပါတယ်။ 

နောက်ထပ် တူရကီသတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ SABAH မှာလည်း အလားတူသတင်းကို ၂၀၁၆ ခုနှစ်တုန်းက တင်ထားပါသေးတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ပထမဓာတ်ပုံ (ဘယ်) နဲ့ SuperHerber သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဆက်လက်ပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တတိယ၊ စတုတ္ထ၊ ပဉ္စမနဲ့ ဒသမမြောက်ပုံတွေကို TREASURENET အမည်ရှိတဲ့ ဝဘ်ဆိုက်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။

ဝဘ်ဆိုက်ရဲ့ဖိုရမ်မှာလည်း Viking83 အမည်ရှိတဲ့ အွန်လိုင်းအသုံးပြုသူတစ်ဦးက သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ဓာတ်ပုံတွေနဲ့တကွ မျှဝေထားပြီး သူမျှဝေထားတဲ့ပုံရိပ်တွေထဲကအချို့ဟာ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါဝင်နေတဲ့ဓာတ်ပုံတွေနဲ့ ထပ်တူထပ်မျှတူနေတာ တွေ့ရပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်တွေပါဓာတ်ပုံတွေ (ဘယ်) နဲ့ TREASURENET မှာ မျှဝေထားတဲ့ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

A screenshot comparison of the photos shared in the misleading Facebook posts (L) and photos shared on TREASURENET (R)