၂၀၂၀ တုန်းက Brexit အထိမ်းအမှတ် ဗြိတိန်ဝန်ကြီးချုပ် မောင်းတီးတဲ့ပုံကို မြန်မာလူထုကိုထောက်ခံလို့မောင်းတီးတာဆိုတဲ့အချက်အလက်မှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဖေဖော်ဝါရီ 2021 အချိန် 05h11
  • အပ်ဒိတ်ရက်စွဲ 10 ဖေဖော်ဝါရီ 2021 အချိန် 05h09
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေဘက်က ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မြန်မာ့ရိုးရာမောင်းတီးနေတဲ့ပုံလို့ဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook ပေါ်မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းနေတာပါ။ ပုံမှာမြင်ရတာ ဘောရစ်ဂျွန်ဆင်ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းက ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ခွာတဲ့အထိမ်းအမှတ်အနေနဲ့ မောင်းတီးနေတာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံဟာ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား ပျံ့နှံ့နေပြီး ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားတာ တွေ့နိုင်ပါတယ်။

“စစ်မိစ္ဆာကောင်တွေ နိမိတ်မကောင်း မြန်မာရိုးရာမောင်းကို အားမာန်အပြည့် ထုပြီးအာဏာလုမိစ္ဆာကောင်ကို သတိပေးလိုက်ပြီ” ဆိုတဲ့စာသားနဲ့အတူ ဘောရစ်ဂျွန်ဆင်မောင်းတီးနေတဲ့ပုံပါတဲ့ပို့စ်တစ်ခုဆိုရင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တုန်းက Facebook မှာ တင်ထားတာတွေ့ရပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၀၀ ကျော်ရှိခဲ့တာပါ။ 

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။

“ဗြိတိသျှ ဝန်ကြီးချုပ် Boris Johnson
Prime minister of The Unitedkingdom
အဂ်လန်ဝန်ကြီးချုပ်သည် 
မနေ့ကမြန်မာပြည်သူများ သံပုံးတီး
စစ်အာဏာတွန်းလှန်ခြင်းကို 
အသိမှတ်ပြုထောက်ခံသေားအားဖြင့် မြန်မာပြည်သူတွေနဲအတူ မြန်မာဒီမိုကရေးစီကို ကူညီသွားမည်ဟုပြေားကြား” (မူရင်းအတိုင်း)

ဓာတ်ပုံထဲမှာ ဗြိတိန်ဝန်ကြီးချုပ်ကို တူတစ်ချောင်းနဲ့ မောင်းထုနေဟန် မြင်ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ရယူထားတဲ့ screenshot

မြန်မာတပ်မတော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးကာ အရေးပေါ်အခြေအနေ တစ်နှစ်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ 

အာဏာသိမ်းပွဲကြောင့် တကမ္ဘာလုံးမခံမရပ်နိုင် ဖြစ်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့အတူ ညစဉ်ညတိုင်း ဒန်အိုးဒန်ခွက်တွေ တီးခေါက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

တပ်မတော်ကတော့ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာကြောင့် အာဏာသိမ်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာသူတွေနဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကတော့ မဲပေးပွဲကို ထိခိုက်စေလောက်တဲ့ ကြီးကြီးမားမားဖြစ်စဉ်တွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံထားရမှုကို ရှုတ်ချပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုထားပေမယ့် လက်ရှိ Facebook မှာ ပျံ့နှံ့နေတဲ့ပုံကတော့ မြန်မာနိုင်ငံမှာအာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်မှုတစ်စုံတစ်ရာ မရှိပါဘူး။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဘောရစ်ဂျွန်ဆင်မောင်းတီးနေတဲ့ပုံကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက The Sun သတင်းရဲ့ သတင်းတစ်ပုဒ်မှာပါဝင်နေတာ တွေ့ရပါတယ်။

Image
The Sun သတင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ရယူထာတဲ့ screenshot

“BONG KING BORIS - Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာခြင်း) အထိမ်းအမှတ် ဒေါင်းနင်းလမ်းမှာ ဧည့်သည်တော် ၈၀ ရှေ့ ဘောရစ်ဂျွန်ဆင်မောင်းတီး”

ဗြိတိန်ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ ည ၁၁ နာရီ (GMT 2300) မှာ ဥရောပသမဂ္ဂကနေ ပထမဆုံးနုတ်ထွက်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဗြိတိန်ဟာ ဥရောပသမဂ္ဂအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံအနေနဲ့ နှစ်ပေါင်း ၄၀ ကျော် ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်တုန်းက ဥရောပသမဂ္ဂကနေနုတ်ထွက်ဖို့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်အပြီး ဗြိတိန်မှာ ထောက်ခံသူနဲ့မထောက်ခံသူဆိုပြီးနှစ်ဖွဲ့ကွဲခဲ့ပါတယ်။ နိုင်ငံရေးအရ နှစ်အတော်ကြာအငြင်းပွားပြီးနောက်ပိုင်းမှာ အခုလို နုတ်ထွက်ဖို့ဖြစ်လာခဲ့တာပါ။

ဆောင်းပါးပါ စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ “ဝန်ကြီးတွေနဲ့အစိုးတာဝန်ရှိသူတွေဟာ ခန်းမနံပါတ် ၁၀ မှာ စုဝေးခဲ့ကြပြီး သောကြာနေ့ ည ၁၁ နာရီအချိန် ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တဲ့နောက်ဆုံးစက္ကန့်ကို အတူတကွ ရေတွက်ခဲ့ကြပါတယ်။ အဲဒီနောက် အားလုံးအံ့အားသင့်သွားအောင် သူ (ဘောရစ်ဂျွန်ဆင်) က မောင်းတစ်ခုကိုထုတ်ပြီး ၁၁ ချက်တီးခတ်ခဲ့ပါတယ်”

“မောင်းထုချက်ကတော့ ကောင်းပါ့ဗျား။ ဘောရစ်ရဲ့ဂန္တဝင်မြောက်တီးချက်ပါပဲ” လို့ တက်ရောက်လာသူတစ်ဦးရဲ့အဆိုကို The Sun က ကိုးကားဖော်ပြထားပါတယ်။ 

အဲဒီဓာတ်ပုံတွေကိုပဲ The Guardian သတင်းစာမှာလည်း ဆောင်းပါးတစ်ပုဒ်နဲ့အတူ ဖော်ပြခဲ့ပြီး ဓာတ်ပုံတွေကိုတော့ ဒေါင်းနင်းလမ်းဓာတ်ပုံဆရာ Andrew Parsons ရိုက်ကူးတယ်လို့ ဆိုထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ