ဆာကူရာတာဝါအပေါ်ဆုံးထပ်မှာ စနိုက်ပါသမားတွေတွေ့ရတယ်ဆိုတဲ့အချက်အလက်မှား
တပ်မတော်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေချိန် ရန်ကုန်မြို့က ဆာကူရာတာဝါရဲ့အပေါ်ထပ်မှာ စနိုက်ပါသမားတွေ နေရာယူထားတဲ့ပုံရိပ်တချို့ Facebook နဲ့ Twitter မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းနေပြီး တာဝါရဲ့တာဝန်ရှိသူတွေပြောကြားချက်အရ ဒီပုံတွေဟာ ပုံအဟောင်းတွေဖြစ်တဲ့အကြောင်းနဲ့ ပုံမှာမြင်ရတဲ့ထင်ရှားတဲ့သဲလွန်စတွေကိုယူပြီး Google Street View မှာရှာဖွေကြည့်တော့လည်း ဒီပုံတွေဟာ အာဏာသိမ်းမခင် နှစ်အနည်းငယ်အစောပိုင်းက ရိုက်ကူးထားတဲ့ပုံတွေဖြစ်နေတဲ့အကြောင်း တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ အဲဒီဓာတ်ပုံတွေနဲ့အတူ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။
“Police snipers are stationed at the highest points of the city as protest for democracy intensifies. Go tweet and let the world know! These pictures need to go out everywhere!
#SayNoToMilitaryCoup
ဒီမိုကရေစီအရေးတော်ပုံပေါ်ဆန္ဒပြမှုအနေနဲ့ ရဲစနိုက်ပါတွေကို မြို့ ရဲ့ အမြင့်ဆုံးအချက်မှာ စနိုက်ပါတွေ ဝင်တိုက် တွိသွားပြီးတော့ ကမ္ဘာကို အသိပေးပါ! ဒီပုံတွေက
နေရာတိုင်းအပြင်ထွက်ဖို့ လိုတယ် !” (မူရင်းအတိုင်း)
ဓာတ်ပုံတွေမှာ အနက်ရောင်ဝတ်စုံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဆောက်အုံတစ်ခုရဲ့အမိုးပေါ်မှာနေရာယူထားတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စနိုက်ပါနဲ့ လမ်းပေါ်ကို ချိန်ထားတာလည်း ပုံထဲမှာ မြင်ရပါတယ်။

အလားတူဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ Twitter ရဲ့ ဒီလင့်ခ်တို့မှာလည်း တင်ထားပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်အာဏာသိမ်းယူခဲ့ပြီးပည်သ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ နိုင်ငံတော်အရေးပေါ်အခြေအနေ တစ်နှစ်သတ်မှတ်ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားပြီး ရဲတပ်ဖွဲ့ဝင်အင်အားအများအပြားနဲ့ ဆောင်ရွက်နေပေမယ့် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းပြသဖို့ လူသောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိပါတယ်။
ဒါပေမယ့် ပုံမှာမြင်ရတဲ့ ထင်ရှားတဲ့သဲလွန်စတွေအရ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲမတိုင်ခင်က ပုံရိပ်တွေဖြစ်ကြောင်း တွေ့ရှိရါတယ်။
ဓာတ်ပုံနှစ်ပုံလုံးရဲ့ နောက်ခံမှာပါဝင်တဲ့ အဆောက်အအုံနှစ်ခုလုံးမှာ အစိမ်းစတွေအုပ်ထားတာတွေ့နိုင်သလို ပိုပြီးမြင်သာအောင် AFP ကနေ အနီနဲ့ဝိုင်းပြထားတာ အောက်က screenshot မှာ မြင်နိုင်ပါတယ်။

ရန်ကုန်မြို့ ဆာကူရာတာဝါအနီးပတ်ဝန်းကျင်ဧရိယာကို Google Street View မှာ AFP က ရှာဖွေကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ မြင်ရတဲ့ အစိမ်းစတွေဖုံးထားတဲ့အဆောက်အအုံတွေကို နေ့စွဲအသီးသီးနဲ့ တွေ့ရှိရပါတယ်။
ဓာတ်ပုံပါ ညာဖက်က အဆောက်အအုံကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနေ့စွဲနဲ့ Google Street View ရဲ့ ဒီလင့်ခ်မှာ အစိမ်းစတွေ ဖုံးထားဆဲဆိုတာ မြင်နိုင်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာရိုက်ကူးထားတဲ့ Google Street View ရဲ့ ဒီလင့်ခ်မှာတော့ အောက်မှာမြင်ရတဲ့အတိုင်း အစိမ်းစကို ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။
ဓာတ်ပုံထဲက ဘယ်ဖက်ကအဆောက်အအုံကို Google Street View ရဲ့ ဒီလင့်ခ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နေ့စွဲနဲ့ တွေ့ရပြီး အစိမ်းစတွေ ဖုံးထားတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလေနေ့စွဲနဲ့ ဒီလင့်ခ်မှာတော့ အဲဒီအဆောက်အအုံမှာ ဖုံးထားတဲ့အစိမ်းစတွေ မရှိတော့ပါဘူး။
ဒီအချက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျေံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမတိုင်ခင်ကတည်းက ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖြစ်နေကြောင်း တွေ့ရှိရပါတယ်။
ဆာကူရာတာဝါစီမံခန့်ခွဲမှုအဖွဲ့ကတော့ အခုလိုပျံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ ပုံဟောင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာ တာဝါရဲ့အပေါ်ဆုံးထပ်မှာ ဘယ်စနိုက်ပါသမားမှ နေရာယူထားတာမရှိဘူးလို့ Facebook ရဲ့ ဒီလင့်ခ်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတင်ထားတဲ့ ဆာကူရာတာဝါရဲ့ Facebook ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။
“Sakura Tower ၏ ခေါင်မိုးပေါ်တွင် snipers များရှိသည်ဟု Facebook တွင် သတင်းအတုများပျံ့နှံ့နေပါသည်။
ဤဓာတ်ပုံများသည် ပုံအဟောင်းများသာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသောဖြစ်ရပ်များနှင့် မသက်ဆိုင်ကြောင်း ကျေးဇူးပြု၍ အသိပေးလိုပါသည်။
Proof မှာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဆောက်လုပ်ခဲ့သော Sule Plaza ဘေးတွင်တည်ဆောက်နေသည့် အဆောက်အဦးဖြစ်ပါသည်။ ကျွန်ုပ်တို့ Sakura Towerခေါင်မိုးပေါ်တွင် မည်သည့် snipers များ ရဲများ စစ်သားများ လုံးဝလုံးဝ မရှိပါကြောင်း အသိပေးလိုပါသည်။
Sakura Tower Management”
ပို့စ်နဲ့အတူ ဓာတ်ပုံအချို့တင်ထားပြီး ဓာတ်ပုံတွေမှာ “၂၀၂၁၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆာကူရာတာဝါစီမံခန့်ခွဲရေးအဖွဲ့က ရိုက်ယူထားသည်” ဆိုတဲ့စာသားတွေ ရေးထိုးထားတာ တွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ အမိုးရဲ့အနားစွန်းတစ်လျှောက် ချထားတဲ့ အစိမ်းရောင်ပိုက်လုံးတစ်လုံးကိုလည်းတွေ့ရပါတယ်။ ဒီပိုက်လုံးပုံကို နားလည်မှုလွဲစေတဲ့ပို့စ်တွေပါဓာတ်ပုံမှာ မမြင်ရပါဘူး။
