သမ္မတဦးဝင်းမြင့်ကို လက်ထိပ်ခတ်ထားတယ်ဆိုတဲ့အချက်အလက်မှားဗီဒီယို

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဖေဖော်ဝါရီ 2021 အချိန် 10h09
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်အာဏာသိမ်းပြီးနောက်မှာ သမ္မတဦးဝင်းမြင့်ကို ကားပေါ်က ခုံနဲ့တွဲပြီးလက်ထိပ်ခတ်ထားတယ်ဆိုတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအချက်အလက်က မှားယွင်းနေတာပါ။ ဒီဗီဒီယိုဟာ ၂၀၁၈ ခုနှစ် ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တုန်းက ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဗီဒီယိုမှာ သမ္မတကို လက်ထိပ်ခတ်ထားတာမျိုး မပါဝင်ပါဘူး။

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၄,၀၀၀ ကျော်နဲ့ ကြည့်ရှုတဲ့အကြိမ်ရေ ၁၅၀,၀၀၀ ကျော် ရှိပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တုန်းက ရယူထားတဲ့ screenshot

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားက အခုလိုဖြစ်ပါတယ်။ “သမ္မတကြီးကို လက်ထိပ်ခတ်ထားတယ် ... ရင်ထဲမကောင်းလိုက်တာ???” (မူရင်းအတိုင်း)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်အာဏာမသိမ်းခင်အထိ ဦးဝင်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်သားအစိုးရအဖွဲ့ရဲ့သမ္မတဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အရေးပေါ်အခြေအနေကာလ တစ်နှစ်သတ်မှတ်ကြောင်းကြေညာခဲ့ပြီး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထိပ်တန်းနိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲအတွင်းမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာကြောင့် အာဏာထိန်းသိမ်းရတာဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။ 

 ဒါပေမယ့် ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာသူတွေနဲ့ မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကတော့ မဲပေးပွဲကို ထိခိုက်ပျက်ပြားစေလောက်တဲ့ ကိစ္စကြီးကြီးမားမားမရှိခဲ့ဘူးလို့ ထုတ်ပြန်အစီရင်ခံထားကြပါတယ်။

Facebook ဗီဒီယိုအောက်မှာတွေ့မြင်ရတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတချို့ရဲ့ မှတ်ချက်ပေးစာသားတွေအရလည်း သူတို့တွေဟာ ပို့စ်ပိုင်ရှင်တင်ထားတဲ့အတိုင်း ယုံကြည်နေကြတာ တွေ့မြင်ရပါတယ်။ 

Facebook အသုံးပြုသူတစ်ဦးရဲ့မှတ်ချက်က အခုလိုဖြစ်ပါတယ်။ “လူဆိုးသူခိုးမှမဟုတ်ဘဲ လက်ထိပ်ခတ်ထားကြတယ်။ တူသောအကျိုးပေး အမြန်ဆုံးခံစားကြရပါစေ”

နောက်တစ်ဦးရဲ့မှတ်ချက်ကတော့ အခုလိုပါ။ “ယုတ်မာတာလွန်ရော သူယုတ်မာက သူတော်ကောင်းကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ။ သူတို့အဆင့်မရှိတဲ့အသိနဲ့နှိုင်းပြီး လက်ထိပ်ခတ်တာလား လူပါးတော်တော်ဝတယ်။ စိတ်မကောင်းလိုက်တာ။ မှန်ကန်စွာ အောင်မြင်ပိုင်ဆိုင်သူသာ အနိုင်ရပါစေ။ သူတပါးပိုင်ဆိုင်မှု့ကိုခိုးပြီး အနိုင်ကျင့်သူတွေ ကျရှုံးပါစေ။”

အဲဒီဗီဒီယိုကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ် တပ်မတော်အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၃ နှစ်နီးပါးကတည်းက ရိုက်ကူးထားတာဖြစ်ပါတယ်။

အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာဖွေကြည့်တဲ့အခါ ပိုရှည်တဲ့ဗီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို Mizzima TV ရဲ့ တရားဝင် Facebook ပေ့ချ်မှာ တင်ထားတာပါ။ သတင်းဗီဒီယိုမှာတော့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တုန်းက ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့အကြောင်း ပြောထားပါတယ်။

Image
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တုန်းက ရယူခဲ့တဲ့ Mizzima TV သတင်းရဲ့ screenshot

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “သမ္မတဦးဝင်းမြင့်ရဲ့ ပြည်သူအတွက် ပြောကြားချက်”

 သတင်းဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့ကတော့ အခုလိုပါ။ “ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က ဦးဝင်းမြင့်ကို ထောက်ခံမဲ ၄၀၃မဲနဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါပြီ။ ရွေးချယ်တင်မြှောက်ပွဲပြီးပြီးချင်းမှာ သမ္မတဦးဝင်းမြင့်ကို မေးမြန်းထားတဲ့ ရုပ်သံမှတ်တမ်းကို မဇ္ဈိမပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။” (မူရင်းအတိုင်း)

 ဗီဒီယိုမှာ ဦးဝင်းမြင့်ကို ယာဉ်တန်းကားမှာ ထိုင်လျက် လိုက်ပါလာတာ တွေ့ရပါတယ်။ 

 "ကျွန်တော်အတတ်နိုင်ဆုံး ပြည်သူ့တာဝန်ကျေပွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပါမယ်" ဆိုပြီးတော့လည်း ဦးဝင်းမြင့်က မီဒီယာတွေကို ပြောတာ ပါဝင်ပါတယ်။ 

 မူရင်းဗီဒီယိုမှာတော့ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ပြောထားသလို ဦးဝင်းမြင့်ကို လက်ထိပ်ခတ်ထားတာမျိုး မတွေ့ရပါဘူး။ ဦးဝင်းမြင့်ရဲ့ဘယ်ဘက်လက်မှာ လက်ပတ်နာရီတစ်လုံးပတ်ထားတာကိုပဲ တွေ့ရပြီး ဆိုရှယ်မီဒီယာသုံးစွဲသူအချို့က ဒါကို လက်ထိပ်လို့မှားယွင်းမြင်နေကြတာဖြစ်နိုင်ပါတယ်။

Image
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တုန်းက ရယူခဲ့တဲ့ Mizzima TV သတင်းရဲ့ screenshot

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်