၂၀၀၇ ကိုရီးယားရုပ်ရှင်ဇာတ်ဝင်ခန်းထဲကပုံကို မန္တလေးဆန္ဒပြပွဲမှာဖမ်းဆီးနေတာလို့ဆိုထားတဲ့အချက်အလက်မှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဖေဖော်ဝါရီ 2021 အချိန် 04h58
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မန္တလေးမြို့မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းနေတဲ့ပုံလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Twitter နဲ့ TikTok က ပို့စ်ပေါင်းများစွာမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ပုံမှာမြင်ရတာဟာ ၂၀၀၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို Twitter ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တုန်းက တင်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။

“ယနေ့စစ်အာဏာလုအစိုးရရဲ့...
လူမဆန်တဲ့လုပ်ရပ်နဲ့ ယုတ်မာမှု...
မန္တလေး ကမ်းနားလမ်းရဲ့ဒီနေ့ညနေက
အကြမ်းဖက်ဖြိုခွင်းမှုမှာ ပစ်ခတ်အကြမ်းဖက်
တာတင်မကပဲ လူမှုကူညီရေးကလူတွေကိုပါ
စနိုက်ဘာနဲ့ပစ်ပါတယ်ဒဏ်ရာရသူနဲ့ကျည်ထိထားသူတွေ သေသူတွေ ကို ရဲနဲ့စစ်တပ်ကအချုပ်ကားတွေပေါ်ဆွဲတင်သွားကြတယ်လို့သိရပါတယ်”

Image
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တုန်းက ရယူထားတဲ့ screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွဲနှိမ်နင်းစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးအပါအဝင် လူနှစ်သေဆုံးခဲ့ပြီး တစ်ရက်အကြာမှာ ဒီပို့စ်တွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်း AFP ရေးသားထားတဲ့သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အဲဒီဓာတ်ပုံကို Twitter ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်နဲ့ TikTok ရဲ့ ဒီလင့်ခ်တွေမှာ ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

 Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို Asian Wiki blog လို့ခေါ်တဲ့ဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာရေးသားထားကတော့ ၂၀၀၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကား “May 18” အကြောင်းပဲ ဖြစ်ပါတယ်။

Image
Asian Wiki blog ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရယူထားတဲ့ screenshot

May 18” ရုပ်ရှင်ဟာ ၁၉၈၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့မှာစတင်ခဲ့တဲ့ Gwangju အုံကြွမှုဖြစ်စဉ်အကြောင်းကို အသေးစိတ် ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီအုံကြွမှုဖြစ်စဉ်အတွင်း တောင်ကိုရီးယားနိုင်ငံ၊ Gwangju မြို့မှာ မာရှယ်လောထုတ်ပြန်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ရက်ပေါင်းများစွာဖြစ်ခဲ့ပြီး လူအသေအပျောက်လည်း ရှိခဲ့တာပါ။

အောက်မှာ နားလည်မှုလွဲစေတဲ့ Twitter ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ Asian Wiki blog ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

“May 18” ရုပ်ရှင်ထဲက အလားတူပုံရိပ်ကို ပိုလန်နိုင်ငံ ရုပ်ရှင်မှတ်တမ်းဝဘ်ဆိုက်တစ်ခုရဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ