People wait to withdraw money from a Myawaddy Bank automated teller machine (ATM) in Yangon on February 23, 2021. (AFP / Sai Aung Main)

အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို လစာမပေးတော့ဘူးလို့ပြောထားတဲ့ အချက်အလက်မှားဗီဒီယိုပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဖေဖော်ဝါရီ 2021 အချိန် 08h54
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
အမိန့်ထုတ်ပြန်ချက်တစ်ခုအရ အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို လစာမပေးတော့ဘူးလို့ဆိုထားတဲ့ MRTV သတင်းဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ပေါင်းသိန်းနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေ ဆန္ဒပြပွဲမှာ ပါလာကြပြီးတဲ့နောက် အခုလိုပို့စ်တွေ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ မှားယွင်းနေတာပါ။ ဗီဒီယိုဟာ ပြန်လည်ပြုပြင်ထားတာဖြစ်ပြီး မှားယွင်းတဲ့ကြေညာချက်တစ်ခုကို ထည့်သွင်းထားတာတွေ့ရပါတယ်။

၃၂ စက္ကန့်ကြာမြင့်တဲ့ အဲဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၉၁၀,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၃,၀၀၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။

Image

နားလည်မှုလွဲစေတဲ့ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရယူထားတဲ့ screenshot 

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့က အခုလိုဖြစ်ပါတယ်။ 

“18-2-2021 MRTV ကတရားဝင်ကြော်ငြာသွားပြီနော်
နိူင်ငံ့ဝန်ထမ်းတွေနှင့် အငြိမ်းစားဝန်ထမ်းတွေကို လစာ မပေးနိူင်တော့ပါဘူးတဲ့၊ကြည့်ပြီးကြပြီလား။” 

“#CDMမှာမပါတဲ့သူတွေအလုပ်အရမ်းဆင်းချင်တယ်မလားဆက်ဆင်းနော်” (မူရင်းအတိုင်း)

ဗီဒီယိုမှာ ပါဝင်တဲ့နောက်ခံအသံကတော့ အခုလိုပါ။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်အမှတ် ၇၃/၂၀၂၁ ကို ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ခြင်း၊ သတင်းအစုံအလင်မှာ အဲဒီသတင်းထုတ်ပြန်ချက်မှာ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာပေးတော့မည်မဟုတ်ကြောင်း အများပြည်သူများသိရှိရန် သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ”

မြန်မာ့ရေဒီယိုနှင့်ရုပ်မြင်သံကြား (MRTV) ဟာ နိုင်ငံတော်ပိုင် ရေဒီယိုနဲ့ ရုပ်သံချန်နယ်တစ်ခုဖြစ်ပါတယ်။

MRTV ရဲ့ Facebook page ကို မကြာသေးမီက Facebook ကနေ ဖယ်ရှားလိုက်တဲ့အကြောင်း APAC၊ Emerging Markets ရဲ့ ပြည်သူ့မူဝါဒရေးရာဒါရိုက်တာ Rafael Frankel ရဲ့အဆိုကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ MRTV အနေနဲ့ မိမိတို့ချမှတ်ထားတဲ့ လူမှုရေးစံနှုန်းတွေနဲ့ အကြမ်းဖက်မှု၊ လှုံ့ဆော်မှုဆိုင်ရာမူဝါဒတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့် အခုလို ဖယ်ရှားရတာဖြစ်တယ်လို့ Rafael Frankel က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေ ဆန္ဒပြသပိတ်မှောက်နေကြချိန်မှာ အခုလိုဗီဒီယိုပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ သပိတ်ပွဲတွေအကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမယ့် ဒီပြောဆိုမှုဟာ မှားယွင်းနေတာပါ။ ပျံ့နှံ့နေတဲ့ဗီဒီယိုဟာ MRTV ရဲ့သတင်းဗီဒီယိုနှစ်ခုကနေ လိုတဲ့အပိုင်းတွေကို ဖြတ်တောက်ရယူပြီး ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ထားတဲ့ဗီဒီယို

အဲဒီလိုပြုပြင်ထားတဲ့ဗီဒီယိုမှာ ပေါင်းစပ်တည်းဖြတ်ထားတဲ့အပိုင်းသုံးပိုင်းတွေ့ရပြီး တတိယအပိုင်းမှာ နောက်ခံစကားပြောအသံကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

အဓိကကျတဲ့စကားလုံးပေါင်းများစွာအသုံးပြုပြီးရှာဖွေကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ၃၂ စက္ကန့်ကြာဗီဒီယိုရဲ့ ပထမ ၁၃ စက္ကန့်ကို MRTV’s YouTube Channel ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တင်ထားတာတွေ့ရပါတယ်။ သတင်းဗီဒီယိုရဲ့ ၂၇ စက္ကန့်ကနေ ၄၀ စက္ကန့်ကြားမှာတော့ အစီအစဉ်တင်ဆက်သူက သတင်းမကြေညာခင် နှုတ်ခွန်းဆက်စကားပြောကြားနေတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုရဲ့ ၁၃ စက္ကန့်ကနေ ၂၂ စက္ကန့်ကြားအပိုင်းကိုတော့ MRTV YouTube ချန်နယ်ရဲ့ ဒီလင့်ခ်က ရယူထားတာ တွေ့ရပါတယ်။ အဲဒီအပိုင်းမှာ အစီအစဉ်ကြေညာသူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်အမှတ် ၇၃/၂၀၂၁ ကို ထုတ်ပြန်ကြောင်း ပြောပါတယ်။ ဒီအပိုင်းရဲ့ တကယ့်မူရင်းမှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းတွေကို ခန့်အပ်လိုက်တဲ့အကြောင်းဖြစ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ဗီဒီယိုထဲမှာ ဖော်ပြထားသလို အစိုးရဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို လစာပေးတဲ့ကိစ္စနဲ့မသက်ဆိုင်တာကို တွေ့ရပါတယ်။ 

မြန်မာ့တပ်မတော်ဟာ အာဏာထိန်းသိမ်းပြီး တစ်ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ကြောညာခဲ့ပါတယ်။

အောက်ဖော်ပြပါဗီဒီယိုရဲ့ ၁ စက္ကန့်ကနေ ၁၀ စက္ကန့်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၇၃/၂၀၂၁ ကို ထုတ်ပြန်လိုက်တဲ့အကြောင်း အစီအစဉ်တင်ဆက်သူက ကြေညာသွားတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုရဲ့ တတိယအပိုင်း (၂၂ စက္ကန့်နောက်ပိုင်း) မှာ အစီအစဉ်ကြေညာသူရဲ့နှုတ်ခမ်းလှုပ်ရှားမှုနဲ့ နောက်ခံအသံဟာ တူညီမှုမရှိတာကို တွေ့ရပါတယ်။

အဲဒီဗီဒီယိုကိုတော့ ၂၇ မိနစ်နဲ့ ၂၄ စက္ကန့်ကြာမြင့်တဲ့ မူရင်း MRTV သတင်းဗီဒီယိုကနေ ရယူထားတာတွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ MRTV YouTube ချန်နယ်ရဲ့ မူရင်းဗီဒီယိုတွေ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

Image

နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ MRTV YouTube ချန်နယ်ရဲ့ မူရင်းဗီဒီယိုတွေ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot 

ပင်စင်စားတွေအနေနဲ့ မိမိတို့ရဲ့ ပင်စင်လစာတွေကို Mobile Money သို့မဟုတ် ATM စက်တွေမှာ ထုတ်ယူလို့ရတဲ့အကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ  MRTV က သတင်းထုတ်ပြန်ထားတာတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ