အာဖဂန်နစ္စတန်က လောင်စာဆီတင်ယာဉ် ပေါက်ကွဲမှုဓာတ်ပုံတွေကို မြန်မာနိုင်ငံက ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်မှုလို့ ဆိုထားတဲ့ ဓာတ်ပုံနဲ့အချက်အလက်အမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့အနီးမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံသုံးပုံကို Facebook ပေါ်မှာ အကြိမ်ရာနဲ့ချီ မျှဝေထားကြပါတယ်။ မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းယူခဲ့တဲ့ တပ်မတော်ကို တရုတ်နိုင်ငံက ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ တရုတ်နဲ့မြန်မာကို ဆက်သွယ်ထားတဲ့ သဘာဝပိုက်လိုင်းတွေကို ဖျက်ဆီးဖို့ တိုက်တွန်းတဲ့ရေးသားချက်တွေ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်တဲ့ အဆိုတွေဟာ မှားယွင်းပါတယ်။ အဲဒီဓာတ်ပုံတွေဟာ အီရန် - အာဖဂန်နစ္စတန်နယ်စပ်က လောင်စာဆီတင်ယာဉ်တွေ မီးလောင်ပေါက်ကွဲတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ AFP အနေနဲ့ မန္တလေးမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခဲ့တဲ့ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေ မတွေ့ရှိခဲ့ပါဘူး။

အဲဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တုန်းက တင်ထားတာဖြစ်ပြီး အကြိမ်ရေ ၇၀၀ ကျော် မျှဝေထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရယူထားတဲ့ Reuters သတင်းရဲ့ screenshot

ပို့စ်ရဲ့ခေါင်းစဉ်မှာ “သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရ” လို့ ရေးထားပါတယ်။

“အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ မန္တလေး အဝင်ဘက်အခြမ်း မိုင်တိုင် ၂၃၆/၂၃၇ × ၄ဖာလုံမှာပါ ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ်ခန့်က လောင်သွားတာပါ မီးအရမ်းများပါတယ်”(မူရင်းသတ်ပုံ)လို့ ရေးထားပါတယ်။

“မီးသတ်များက CDM (Civil Disobedience Movement) မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု ဒေသခံတွေက ပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက ပိုက်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက ပြောထားပါတယ်၊ ဘေးကင်းကြပါစေ”

မန္တလေးဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မန္တလေးတိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းကနေ ဖြတ်သန်းပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းမှုနောက်ပိုင်း အင်တာနက်ပေါ်က တက်ကြွလှုပ်ရှားသူတွေဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရကို တရုတ်နိုင်ငံက ကူညီခဲ့တယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အဲဒီဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က အီရန် - အာဖဂန်နစ္စတန်နယ်စပ်မှာ လူအနည်းဆုံး ၆၀ ဒဏ်ရာရခဲ့တဲ့ လောင်စာဆီယာဉ်တွေပေါက်ကွဲမှုအကြောင်း တင်ဆက်တဲ့ Reuters သတင်းဌာနရဲ့ ဒီဗီဒီယိုကို တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံတွေဟာ Reuters ဗီဒီယိုကနေ ရိုက်ယူထားတဲ့ screenshot တွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရယူထားတဲ့ Reuters သတင်းရဲ့ screenshot

“အီရန် - အာဖဂန်နစ်စတန်နယ်စပ်အနီး ဧရာမပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရ” လို့ သတင်းခေါင်းစဉ်မှာ ဖော်ပြပါတယ်။

“အီရန်နယ်စပ်အနီး အာဖဂန်နိုင်ငံဘက်က နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခုမှာ လောင်စာဆီတင်တဲ့ယာဉ် ရာနဲ့ချီ ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၀ ဒဏ်ရာရရှိခဲ့သလို လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ဒေါ်လာသန်းနဲ့ချီဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။” လို့ သတင်းမှာ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ Reuters ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေ ဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ Reuters ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေ ဖြစ်ပါတယ်။

အဓိကကျတဲ့စကားလုံး (keywords) ပေါင်းများစွာ အသုံးပြုပြီး ရှာဖွေပေမယ့် ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမှာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲတယ်ဆိုတာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့သတင်းတွေ မတွေ့ရှိရပါဘူး။

MYANMAR MILITARY COUP