Protesters react behind shields as water cannon is fired at them by police during a demonstration against the military coup in the northwestern town of Kale on March 2, 2021. (Photo by STR / AFP) (AFP / Str)

ကုလသမဂ္ဂက မြန်မာနိုင်ငံကို စစ်ကြေညာတယ်ဆိုတဲ့ အချက်အလက်မှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 မတ် 2021 အချိန် 04h52
  • အပ်ဒိတ်ရက်စွဲ 04 မတ် 2021 အချိန် 05h01
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP မြန်မာ
စစ်တပ်အာဏာရယူပြီး လေးပတ်အကြာမှာ ကုလသမဂ္ဂက မြန်မာနိုင်ငံကို “စစ်ကြေညာတယ်” ဆိုတဲ့ ပြောဆိုမှုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ အဲဒီပို့စ်တွေမှာ အမေရိကန်စစ်သည်တွေရဲ့ ဓာတ်ပုံနှစ်ပုံပါဝင်ပါတယ်။ အဲဒါအပြင် နိုင်ငံပေါင်း ၁၈၀ ကလည်း မြန်မာနိုင်ငံကိုစစ်တိုက်မယ်လို့ အဲဒီပို့စ်တွေမှာ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်ကတော့ လုံးဝစစ်မကြေညာခဲ့ကြောင်းနဲ့ ဒီလိုပြောဆိုမှုတွေဟာလည်း “လုံးဝမှားယွင်းကြောင်း” ဆိုပါတယ်။ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာမရယူခင်ကဖြစ်ပြီး အွန်လိုင်းမှာ အလွယ်တကူတွေ့နိုင်တဲ့ အမေရိကန်လေတပ်ဓာတ်ပုံတွေဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Facebook ရဲ့ဒီလင့်ခ်မှာတင်ထားတာဖြစ်ပြီး အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၄,၀၀၀ ကျော် ရှိခဲ့တာပါ။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရယူထားတဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ 

“Breaking News.
အယုတ်တမာကောင်တွေ သေဖို့အချိန်ကျပြီ
ဒေါက်တာဆာဆာ၏ တောင်းဆိုချက်ကြောင့် ကုလသမဂ္ဂ အကြီးအကဲ ခရစ်စတင်း ရှာရနာ ဘာဂနာ မှ မြန်မာပြည်အား စစ်ကြေညာ
US အပါအဝင် နိုင်ငံပေါင်း 180ကျော်မှ စစ်ဝင်တိုက်မည်ဟုဆို
ထို့အပြင် သာဝအားထောက်ခံပေးနေသောကြောင့် တရုပ်ပြည်မကြီးကိုပါ သိမ်းယူမည်ဟု ကြုံးဝါး
သြစတေးလျမှ ယနေ့နံနံ 11:30Mတွင် ဖရီးဂိတ်စစ်သင်္ဘောနှစ်စီး ထွက်ခွာသွားကြောင်း မျက်မြင်တစ်ချို့က ပြောကြားထားကြပါတယ် *
မေစု ကျန်းမာချမ်းသာပါစေ
မေစုကိုချစ်တဲ့ ပြည်သူတွေသိအောင် မိမိ အကောင့်မှာ copy paste လုပ်ပြီးတင်ပေးကြပါ” (မူရင်းအတိုင်း)

Christine Schraner Burgener ကို မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးသံတမန်အနေနဲ့ ၂၀၁၈ ခုနှစ်တုန်းက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်က အာဏာရယူပြီး သီတင်းလေးပတ်ခန့်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ Burgener က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကျဉ်းချုပ်တင်ပြခဲ့ပါတယ်။

ဒေါက်တာဆာဆာဟာ အနိုင်ရပါတီ NLD ကဖွဲ့စည်းထားတဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းအချက်အလက်အဖွဲ့ရဲ့ ကြေညာချက်မှာတော့ အခုလိုဖော်ပြထားပါတယ်။ “UEC ရဲ့ စုံစမ်းစစ်ဆေးနေဆဲကာလမှာ အခွင့်အာဏာမရှိဘဲ လွှတ်တော်ကိုယ်စားပြုကော်မတီတွေဖွဲ့စည်းခြင်း၊ ကော်မတီအစည်းအဝေးပွဲများကျင်းပခြင်း၊ ကြေညာချက်များထုတ်ပြန်ခြင်းနဲ့ ကိုယ်စားလှယ်များ ခန့်အပ်အသိပေးခြင်းစတဲ့ လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုတွေဟာ တရားမဝင်ပါဘူး။”

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်တင်ထားကြပါသေးတယ်။

ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုအရ ဒီအဆိုဟာ မှားယွင်းနေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ဒီပြောဆိုမှုဟာ “လုံးဝမှားယွင်းတယ်” လို့ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ AFP ကို email ကနေတစ်ဆင့် ပြောပါတယ်။

“စစ်တပ်အာဏာပိုင်တွေအနေနဲ့ သူတို့လက်ရှိလုပ်နေတာတွေကို ပြန်ရုပ်သိမ်းပြီး ဒီမိုကရေစီနည်းကျ တောင်းဆိုနေတဲ့ ပြည်သူ့ဆန္ဒကို ရှေးရှုဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မြန်မာစစ်တပ်အပေါ် “စစ်ကြေညာတာမျိုး” တော့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး” လို့ Dujarric က ဆိုပါတယ်။

လက်ရှိအချိန်အထိလည်း နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံကို စစ်ကြေညာတယ်လို့ ဆိုထားတဲ့ ကုလသမဂ္ဂတရားဝင်ထုတ်ပြန်ချက် ဒါမှမဟုတ် ယုံကြည်လက်ခံနိုင်လောက်တဲ့ သတင်းထုတ်ပြန်ချက်မျိုးတွေ မရှိသေးပါဘူး။

ဗြိတိန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ ခေါ်ယူဖို့ တောင်းဆိုထားတယ်လို့ သံတမန်အသိုက်အဝန်းက AFP ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် အခုလို အစည်းအဝေးခေါ်ယူဖို့တောင်းဆိုခဲ့တာလို့လည်း ဆိုပါတယ်။ 

Facebook ပေါ်က အချက်အလက်မှားပို့စ်တွေမှာဆိုထားသလို မြန်မာနိုင်ငံကို “ဖရီးဂိတ်နှစ်စီး”

 စေလွှတ်ထားတယ်ဆိုတာ မဟုတ်ပါဘူးလို့ သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက AFP ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။ 

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံတွေဟာ အမေရိကန်လေတပ်ရဲ့ဓာတ်ပုံတွေဖြစ်ပြီး မြန်မာစစ်တပ်အာဏာမသိမ်းခင် နှစ်ပေါင်းများစွာကတည်းက အွန်လိုင်းမှာ ရှိနေတဲ့ပုံတွေဖြစ်နေတာတွေ့ရပါတယ်။ 

ပထမဓာတ်ပုံကို အမေရိကန်လေတပ်ရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တင်ထားတာတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ရိုက်ကူးထားတာဖြစ်ပြီး ကာဇက်စတန်နိုင်ငံရဲ့ လေဆိပ်ယာယီတည်းခိုရေးစခန်း (transit center) မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို မြင်ရတာဖြစ်ပါတယ်။

Image
အမေရိကန်လေတပ်ဖွဲ့ဗဟိုရဲ့ဓာတ်ပုံ screenshot ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရယူထားသည်

ပုံစာက အခုလိုဖြစ်ပါတယ်။ “အမေရိကန်စစ်သားတွေနဲ့ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ C-17 Globemaster III နဲ့ တင်ဆောင်လာတာဖြစ်ပြီး ကာဇက်စတန်နိုင်ငံ၊ Manas မြို့က လေဆိပ်ယာယီတည်းခိုရေးစခန်းမှာ လေယာဉ်မထွက်ခွာမီ တွေ့ရတာဖြစ်ပါတယ်။ C-17 Globemaster III ဟာ ခရီးသည် ၁၅၈ ဦးနဲ့ ကုန်အိတ်အပြည့်ပါ ကွပ်ပျစ်ကြီးငါးခု (five baggage pallets) တင်ဆောင်နိုင်ပါတယ်။ (အမေရိကန်လေတပ်ဓာတ်ပုံ၊ တပ်ကြပ်ကြီး Angela Ruiz)” 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ၂၀၁၂ ခုနှစ် အမေရိကန်လေတပ်ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ် -

Image

ဒုတိယဓာတ်ပုံကို အမေရိကန် Dyess လေတပ်စခန်းရဲ့တရားဝင်ဝဘ်ဆိုက်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလတုန်းက တင်ထားတာ တွေ့ရပါတယ်။

Image
Dyess လေတပ်စခန်းကဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရယူထားတဲ့ screenshot

ပုံစာကတော့ အခုလိုဖြစ်ပါတယ်။ “အမှတ် ၈၂ လေတပ်စခန်းက အမေရိကန်လေထီးခုန်တပ်သားတွေနဲ့ အမှတ် ၁၆ လေကြောင်းချေမှုန်းရေးတပ်မဟာက ဗြိတိန်လေထီးခုန်တပ်သားတွေဟာ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က မြောက်ကာရိုလိုင်းနားပြည်နယ်၊ Fort Bragg မြို့မှာရှိတဲ့ Pope Army လေတပ်စခန်းမှာ ပူးပေါင်းစစ်ဆင်ရေး ၁၅-၀၁ စစ်ရေးလေ့ကျင့်မှု (CJOAX) ကို ပူးတွဲပြုလုပ်စဉ် လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ လေတပ်နဲ့ ကြည်းတပ်ရဲ့ မဟာဗျူဟာမြောက်လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်နဲ့ တပ်ဖွဲ့အင်အားအများအပြားပါဝင်တဲ့လေကြောင်းချီစနစ်ကို အကဲဖြတ်အမှတ်ပေးဖို့အတွက် CJOAX ကို နှစ်စဉ်နှစ်တိုင်း အကြိမ်ပေါင်းများစွာ လုပ်လေ့ရှိပါတယ်။ (အမေရိကန်လေတပ်ဓာတ်ပုံ၊ ဝါရင့်လေတပ်သား Peter Thompson)” 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ၂၀၁၅ Dyess လေတပ်စခန်းဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ် -

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်