ပါကစ္စတန်က လေလွင့်ခွေးနှိမ်နင်းရေးကမ်ပိန်းကို မြန်မာနိုင်ငံမှာလို့ဆိုထားတဲ့အချက်အလက်မှားဓာတ်ပုံပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ ဖောဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာရယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းစဉ်အတွင်း စစ်သားတွေက ထောင်နဲ့ချီတဲ့တိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ပြောဆိုမှုနဲ့အတူ ခွေးအသေတွေပါဝင်တဲ့ဓာတ်ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ဒီပုံဟာ၂၀၁၅ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ခွေးတွေကို တာဝန်ရှိသူတွေ သုတ်သင်ရှင်းလင်းစဉ် AFP က မှတ်တမ်းတင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၇,၀၀၀ ကျော် ရှိခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တုန်းက ရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ရဲ့ screenshot

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ “ကမ္ဘာသိအောင် ကော်ပီယူတင်ကြပါတော့ဗျာ
ဒီလောက်အောက်တန်းကျတဲ့ လုပ်ရပ်ကတော့
မရှိတော့ပါဘူး...
ညဘက်သူတို့လာရင် ဟောင်ရင် လူသိမှာဆိုးလို့တဲ့ဗျာ
ရက်စက် လိုက်တဲ့ လူယုတ်မာတွေ လုပ်ရက်လိုက်တာကွ” (မူရင်းသတ်ပုံအတိုင်း)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက စစ်တပ်အာဏာရယူမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်ဘက်က နှိမ်နင်းမှုတွေ ဆက်တိုက်ပြုလုပ်နေချိန်မှာ အခုလိုပို့စ်တွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

စစ်တပ်အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သေဆုံးတဲ့ဆန္ဒပြသူအရေအတွက် အနည်းဆုံး ၅၄ ဦးရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၇၀၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုပြောဆိုထားပါတယ်။ အဲဒါအပြင် တကယ်သေဆုံးသူအရေအတွက်ဟာ ဒီထက်လည်း ပိုများနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ 

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

ဒီပုံဟာတကယ်တော့ ၂၀၁၅ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ခွေးတွေကို သုတ်သင်သတ်ဖြတ်ပြီးနောက်ပိုင်း မှတ်တမ်းတင်ထားတဲ့ AFP ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ အဲဒီဓာတ်ပုံကို AFP ရဲ့ ဒီလင့်ခ်မှာ ၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့တုန်းက တင်ထားတာပါ။

AFP မူလဓာတ်ပုံရဲ့ screenshot

ပုံစာကတော့ အခုလိုဖြစ်ပါတယ်။ “ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ လမ်းဘေးတစ်နေရာတွင် တွင် ထားရှိသည့် ခွေးသေအလောင်းများဘေးမှ လမ်းသွားလမ်းလာများ ဖြတ်သန်းမောင်းနှင်သွားနေကြစဉ်။ လေလွင့်ခွေးအရေအတွက် ကြောက်မက်ဖွယ် တိုးပွားလာခြင်းကြောင့် ယင်းတို့ကို သုတ်သင်ရှင်းလင်းရေးကမ်ပိန်းတစ်ခုကို မြို့တော်စည်ပင်သာယာရေးကော်မတီက ချမှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP မူရင်းဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP မူရင်းဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အဲဒီဓာတ်ပုံနဲ့အတူ သတင်းဆောင်းပါးတစ်ပုဒ်ကို ပါကစ္စတန်အခြေစိုက် အင်္ဂလိပ်သတင်းစာတစ်စောင်ဖြစ်တဲ့ The Nation မှာလည်း ၂၀၁၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ဖော်ပြထားတာကို ဒီလင့်ခ်မှာ မြင်နိုင်ပါတယ်။

ဆောင်းပါးပါ စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “ကရာချိမြို့တွင် လေလွင့်ခွေးအများအပြားကို အဆိပ်ချသုတ်သင်သည့်ကမ်ပိန်းတစ်ရပ် လုပ်ဆောင်ခဲ့ပြီးနောက် မြို့၏မိန်းလမ်းမကြီးဘေးတွင် တန်းစီချထားသည့် ခွေးသေကောင်များကို တွေ့ရခြင်းဖြစ်သည်။”

MYANMAR MILITARY COUP