မကြယ်စင်ရဲ့အုတ်ဂူကို စစ်သားတွေတူးဖော်နေတာလို့ဆိုထားတဲ့ဓာတ်ပုံအမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ မတ်လ အစောပိုင်းက မန္တလေးမြို့ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း သေနတ်မှန်ပြီးသေဆုံးသွားတဲ့ ဆယ်ကျော်သက် မကြယ်စင်ရဲ့အုတ်ဂူကို မြန်မာစစ်သားတွေ တူးဖော်နေကြတယ်လို့ဆိုထားတဲ့ပို့စ်တွေကို လူမှုမီဒီယာတွေမှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ဒီဓာတ်ပုံတွေဟာ အနည်းဆုံး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက ပျံ့နှံ့နေခဲ့တဲ့ TikTok ဗီဒီယိုတစ်ခုဖြစ်ပြီး ဗီဒီယိုမှာ ဗုံးသီးဟောင်းတစ်ခုကို စစ်သားတွေ တူးဖော်နေကြတာ မြင်ရပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၀,၀၀၀ ကျော် ရှိပါတယ်

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာကတော့ အခုလိုဖြစ်ပါတယ်။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း
5-3-2021(ည)”

ကြယ်စင်ကို “Angel” ဆိုပြီးတော့လည်း သိကြပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တုန်းက မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ ၃၈ ဦးသေဆုံးခဲ့ရာမှာ မကြယ်စင်က တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

“Everything will be ok” (အားလုံးအဆင်ပြေသွားမှာပါ) စာတန်းပါ တီရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ ၁၉ နှစ်အရွယ်မကြယ်စင်ရဲ့ဓာတ်ပုံတွေ ပျံ့နှံ့လာပြီးတဲ့နောက်ပိုင်း မကြယ်စင်သေဆုံးမှုဟာ ကမ္ဘာတစ်ဝန်းစိတ်ဝင်စားရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

မကြယ်စင်သေဆုံးပြီးမကြာခင်မှာ သူ့ရဲ့အုတ်ဂူကို အာဏာပိုင်တွေ တူးဖော်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ကျန်ရစ်တဲ့မိသားစုဝင်တွေရဲ့ခွင့်ပြုချက်နဲ့ အလောင်းကို ပြန်လည်တူးဖော်ခဲ့တာဖြစ်ပြီး မကြယ်စင်ရဲ့အလောင်းမှာ တွေ့ရတဲ့သတ္တုစကို စစ်ဆေးမှုအရ မကြယ်စင်ဟာ ရဲတွေပစ်ခတ်မှုကြောင့် သေဆုံးရတာမဟုတ်ဘူးလို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မကြယ်စင်ရဲ့အုတ်ဂူကို တူးဖော်ခံထားရတာကို တွေ့ရှိခဲ့တဲ့ ဒေသခံတွေရဲ့ဗီဒီယိုတွေလည်း လူမှုမီဒီယာမှာ ပျံ့နှံ့လျက်ရှိပါတယ်။

အလားတူပြောဆိုမှုနဲ့အတူ နားလည်မှုလွဲစေတဲ့ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် Twitter ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒီဓာတ်ပုံတွေဟာ မကြယ်စင်မသေဆုံးခင်ကတည်းက အွန်လိုင်းမှာတင်ထားတဲ့ပို့စ်တွေကနေ ပြန်လည်ရယူထားတာဖြစ်ပါတယ်။ 

 အဓိကကျတဲ့စကားလုံးသုံးပြီး ရှာကြည့်တဲ့အခါ အုတ်ဂူဟောင်းတစ်ခုကို စစ်သားတွေတူးဖော်နေတဲ့ ဗီဒီယိုတစ်ခုကို TikTok ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

@Tayza182 တင်ထားတဲ့ TikTok ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရယူထားတဲ့ screenshot

TikTok ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားက အခုလိုပါ။ “ကျောက်ပန်းတောင်းမြို့မှ တွေ့ရှိသောဗုံး”

ကျောက်ပန်းတောင်းဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးထဲက မြို့နယ်တစ်ခုဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ TikTok မူရင်းဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

MYANMAR MILITARY COUP