အိုမီခရွန် XBB မျိုးကွဲက ဒဲလ်တာမျိုးကွဲထက် ငါးဆပိုပြင်းထန်တယ်လို့ပြောဆိုထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇန်နဝါရီ 2023 အချိန် 10h00
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP မလေးရှား
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၁,၀၀၀ ကျော် မျှဝေထားကြပါတယ်။
ပို့စ်မှာ အခုလို ရေးထားပါတယ်။
“ဂရုစိုက်ကြပါအမျိုးတိုရေ
လာပါပြီဗျာ
ကိုဗစ် XBB မျိုးကွဲတဲ့
အာ့မျိုးစိတ်ဟာ ကိုဗစ်ဒယ်တာ၊ကိုဗစ်အိုမီ ခရွန်တို့ထက်ပိုပြင်းထန်တယ် သိရှိဖို့မလွယ်ကူလို့လူတိုင်း
နှာခေါင်းစည်းဝတ်ဆင်ပါ” (မူရင်းအတိုင်း)
XBB ရဲ့ ကူးစက်ခံရပြီဆိုရင် ချောင်းဆိုးတာ ဖျားတာ မရှိပေမယ့် အဆစ်နာတာ၊ ခေါင်းကိုက်၊ လည်ပင်းနာ၊ အပေါ်ပိုင်းခါးနာ၊ အစာစားချင်စိတ်မရှိတာ စတဲ့ လက္ခဏာတွေ ရှိတယ်လို့ အဲဒီ Facebook ပို့စ်မှာ ရေးထားပါတယ်။
“မြန်မာပြည်မှာသောက်သောက်လဲသေတဲ့
ကိုဗစ်ဒယ်တာထက်ငါးဆပို
ပြင်းထန်တယ်နော်
နှာခေါင်းတို့စစ်ဆေးရုံနဲ့မတွေ့နိုင်ဘူး
ဓာတ်မှန်ရိုက်မှသာတွေ့နိုင်မယ်” (မူရင်းအတိုင်း) လို့လည်း ဆက်ရေးထားပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ စင်္ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ခဲ့ပြီး အများစုက အိုမီခရွန် XBB မျိုးကွဲကူးစက်ခံရတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၃ ရက်ကနေ ၉ ရက်ထိ တစ်ပတ်တာအတွင်း XBB ကူးစက်မှု ၂၂ ရာခိုင်နှုန်းကနေ ၅၄ ရာခိုင်းနှုန်းထိ မြင့်တက်ခဲ့တယ်လို့ စင်္ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
XBB ဟာ ဒဲလ်တာမျိုးကွဲထက် ငါးဆပိုးပြင်းပြီး သေဆုံးနှုန်းလည်း ပိုမြင့်ကြောင်းရေးသားထားတဲ့ပို့စ်တွေဟာ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေအပြင် မြန်မာနိုင်ငံမှာလည်း အခုလို ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
နားလည်မှုလွဲစေတဲ့ ပို့စ်ကို မြန်မာဘာသာနဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။
ဒီအဆိုဟာ အင်ဒိုနီးရှားဘာသာစကား၊ တရုတ်ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။
“နားလည်မှုလွဲစေတဲ့အချက်အလက်တွေ”
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်က ကြိုတင်ကာကွယ်ရေးဆေးပညာဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Thira Woratanarat က ပျံ့နှံ့နေတဲ့ပို့စ်တွေမှာ နားလည်မှုလွဲစေနိုင်တဲ့အချက်အလက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
“အခုသိရှိထားတဲ့အချက်တွေအရတော့ ပုံမှန်အားဖြင့် လတ်တလောပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေရဲ့ ဖြစ်ပေါ်မှုတွေကို ယခင်တွေ့ရှိပြီး ပျံ့နှံ့နေဆဲဖြစ်တဲ့မျိုးကွဲတွေနဲ့ နှိုင်းယှဉ်ကြရပါတယ်။ ပျံ့နှံ့ကူးစက်နိုင်မှု၊ နောက်တစ်ကြိမ်ထပ်ကူးနိုင်မှုရှိမရှိ၊ ခုခံအားတွေကိုရှောင်လွဲနိုင်မှု စတဲ့ များပြားတဲ့တိုင်းတာမှုတွေကိုလည်း ဆောင်ရွက်ရတာပါ။ ‘ပိုပြင်းထန်တယ်’ ‘အန္တရာယ်ရှိတယ်’ဆိုတဲ့ စကားလုံးတွေဟာ တိတိကျကျရေရေရာ အဓိပ္ပာယ်သတ်မှတ်ဖို့ခက်တဲ့အတွက် ယခုဗိုင်းရပ်စ်မျိုးကွဲဟာ ယခင်ရှိပြီး မျိုးကွဲထက် ပိုပြင်းထန်တယ်ဆိုတာ ပြောဖို့ ခက်ပါတယ်” လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က AFP ကို ပြောပါတယ်။
XBB ကူးစက်မှုမြင့်တဲ့ စင်္ကာပူနဲ့အိန္ဒိယလိုနိုင်ငံတွေကို ကြည့်မယ်ဆိုရင် ယခင်အိုမီခရွန်မျိုးကွဲတွေထက် XBB က ပိုထိခိုက်သေဆုံးမှုတယ်ဆိုတဲ့ ကွာခြားချက်တွေ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။
ဗြိတိန်နိုင်ငံ Reading University က ဗိုင်းရပ်စ်ရောဂါပိုးဆိုင်ရာ ပါမောက္ခ ဒေါက်တာ Ian Jones ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ဒီထုတ်ပြန်ချက်ကို AFP ဆီ ပို့ပေးပြီး ဖြေကြားခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ XBB နဲ့ BQ.1. မျိုးကွဲတွေဟာ အိုမီခရွန်အမျိုးအစားထဲ ပါဝင်ပြီး စိုးရိမ်ရတဲ့မျိုးဗီဇပြောင်းပိုးများအုပ်စုဝင် (variant of concern) အဖြစ် သတ်မှတ်ထားဆဲဖြစ်တယ်လို့ ရေးထားပါတယ်။
“SARS-CoV-2 (ကိုဗစ်ရောဂါပိုး) ရဲ့ ပုံစံသစ်တွေဟာ ကူးစက်ပျံနှံ့နှုန်းမသိမသာမြင့်တာတွေ့ရပေမယ့် ဒါဟာ ပြင်းထန်မှုနှုန်းလည်း မြင့်လာတာ မဟုတ်ပါဘူး။ အများဆုံးတွေ့ရှိရတဲ့အချက်ကတော့ ရောဂါပျံ့နှံ့နှုန်းများခြင်းဟာ ရောဂါပြင်းထန်မှုနည်းပါးစေတဲ့အချက်နဲ့ဆက်စပ်နေတာ တွေ့ရတယ်” လို့ ဒေါက်တာ Ian Jones က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က AFP ကို ပြောပါတယ်။
XBB ရဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ကူးစက်ခံရတဲ့လက္ခဏာတွေဟာ ယခင်မျိုးကွဲများရဲ့လက္ခဏာတွေနဲ့ ဆင်တူဆဲဖြစ်ပြီး ကာကွယ်ဆေးထိုးထားတာက ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“အချိန်ယူရမယ့်လေ့လာမှုများ”
AFP က မေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူနှစ်ဦးစလုံးက အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေအကြောင်း သုတေသီတွေအချင်းချင်း သုံးသပ်အတည်ပြုထားတဲ့ လေ့လာမှုတွေ သုတေသနလေ့လာချက်တွေ ပေါ်ပေါက်လာဖို့ အချိန်အများကြီးလိုသေးတယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ ကြိုတင်ပုံနှိပ်ဖော်ပြထားတဲ့ ဒီလေ့လာချက်အရ XBB ဟာ သူ့မိခင်မျိုးစိတ် BA.5. ထက်စာရင် ခုခံအားစနစ်ကို ရှောင်ကွင်းနိုင်စွမ်း ပိုမြင့်နိုင်ခြေရှိတယ်လို့ ဒေါက်တာ Jones က ပြောပါတယ်။
The Conversation လို့ခေါ်တဲ့ သုတေသနဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနကရရှိတဲ့အချက်အလက်တွေအရ XBB ဟာ BA.5. နဲ့ ယှဉ်ရင် ရောဂါကြောင့်ဆေးရုံတက်ရနိုင်ခြေ ၃၀ ရာနှုန်း ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။
“ဒါပေမဲ့ အခြားနိုင်ငံတွေမှာလည်း စင်္ကာပူနိုင်ငံမှာလို ထပ်တူဖြစ်မဖြစ်ကို သိနိုင်ဖို့ အချက်အလက် မရှိသေးသလို XBB ပိုပြီး ပျံ့နှံ့လာတာနဲ့အမျှ အချက်အလက်တွေ ပြောင်းလဲနိုင်တယ်” ဆိုပြီး ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒေါက်တာ Thira က ဗိုင်းရပ်မျိုးကွဲတွေကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေကို လေ့လာထားတဲ့ ဒီစာတမ်းကို ညွှန်းပါတယ်။
“အိုမီခရွန်ရောဂါပိုးတွေမှာ အနံ့နဲ့အရသာ ပျောက်တာ၊ ပြောင်းသွားတာ အတွေ့ရနည်းပြီး အအေးမိ တုပ်ကွေးလို လက္ခဏာတွေ အတွေ့ရများတယ်” လို့ အဲဒီစာတမ်းမှာ ဖော်ပြပါတယ်။
စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန (MOH) ကလည်း နားလည်မှုလွဲစေတဲ့အဆိုတွေနဲ့ပတ်သက်လို့ ငြင်းဆိုထားတဲ့ ထုတ်ပြန်ချက်တွေကို အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘ ၁၁ ရက်က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ “XBB က ပိုမိုပြင်းထန်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ လက်ရှိချိန်ထိ ရောဂါဝေဒနာခံစားရသူ (အထူးသဖြင့် ကာကွယ်ဆေးထိုးပြီးသူ) အများစုဟာ လည်ချောင်းနာတာ ဖျားတာစတဲ့ အလယ်အလတ်ရောဂါလက္ခဏာတွေ တွေ့ရတယ်” လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့နှုန်းဟာ ယခင် (၂၀၂၂ ခုနှစ် နိုဝင်ဘာ)ကထက် ပိုမြင့်တက်လာတာ မတွေ့ရဘူးလို့ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် Twitter စာမျက်နှာမှာလည်း အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့အဆိုတွေဟာ နားလည်မှုလွဲစေနိုင်တယ်လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားဘာသာစကားနဲ့ ရေးသားထားတဲ့ထုတ်ပြန်ချက်မှာ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန် XBB နဲ့ပတ်သက်ပြီး အင်တာနက်လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အချက်အလက်အမှားတွေပါဝင်ပြီး သိပ္ပံနည်းကျအထောက်အထားမပါတဲ့အတွက် နားလည်မှုလွဲတာတွေ ဖြစ်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Kementerian Kesihatan Malaysia (KKM) memandang serius terhadap penyebaran maklumat palsu yg tular di media sosial baru-baru ini berkaitan "COVID-19 OMICRON XBB" yg boleh mengundang kepada kekeliruan fakta tanpa pembuktian secara saintifik oleh pihak yg tidak bertanggungjawab. pic.twitter.com/9G2mGQgoqz
— KKMalaysia (@KKMPutrajaya) November 1, 2022
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်