၂၀၂၁ ခုနှစ်တုန်းက တူရကီမှာ တောမီးလောင်တဲ့ဖြစ်စဉ်ကို KNU တပ်မဟာ ၆ စခန်းမီးလောင်တယ်ဆိုတဲ့အချက်အလက်မှားဗီဒီယို

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 စက်တင်ဘာ 2021 အချိန် 09h32
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
KNU တပ်မဟာ ၆ စခန်းတစ်ခု မီးလောင်တယ်လို့ဆိုထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လတုန်းက Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီဗီဒီယိုမှာ မြင်ရတာတွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းက တူရကီနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုနဲ့ တောမီးကို ငြှိမ်းသတ်ဖို့ကြိုးစားနေတဲ့ မီးသတ်သမားတွေပဲဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၉၀၀ ကျော်ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ရယူထားတဲ့ screenshot

ဗီဒီယိုဖိုင်နဲ့အတူ တွဲတင်ထားတဲ့စာသားက အခုလိုဖြစ်ပါတယ်။ “တပ်မဟာ(၆)တဲ့။ ပြာကျပြီ၊
အဲမှာ ဘိုဂျုတ်ဂျီး မင်းမော်ကွန်းတို့ နေတယ်ဆို…” (မူရင်းသတ်ပုံအတိုင်း) 

မြင်ကွင်းမရှင်းမလင်းဖြစ်နေတဲ့ဗီဒီယိုထဲမှာ လူတွေရဲ့မသဲမကွဲအော်ဟစ်သံတွေနဲ့အတူ မီးတောက်ကြီးနဲ့ဝေးရာကို ထွက်ပြေးနေကြတာ တွေ့ရပါတယ်။ 

တပ်မဟာ ၆ ဆိုတာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၆ ကိုရည်ညွှန်းတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်အာဏာရယူပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင်အများအပြားကို ထိန်းသိမ်းလိုက်ကတည်းက ကစဉ့်ကလျားဖြစ်နေခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို တပ်မတော်က ရက်စက်စွာ နှိမ်နင်းပြီးတဲ့နောက်မှာ လူငယ်အများအပြားဟာ KNU ထိန်းချုပ်နယ်မြေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ထွက်ပြေးပြီး စစ်သင်တန်းတက်နေကြပါတယ်။ အဲဒီအကြောင်းကို AFP က ဒီလင့်ခ်မှာ သတင်းရေးသားဖော်ပြထားပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေမှာ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိလာတာကြောင့် အဲဒီဒေသထဲမှာနေထိုင်ကြသူတွေဟာ ဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့ ကရင်သတင်းတစ်ရပ်ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။ တပ်မဟာ ၆ နဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီဗီဒီယိုဖိုင်ကိုပဲ အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေနေကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပြီး တကယ်တော့ ဒီဗီဒီယိုဟာ တူရကီနိုင်ငံက တောမီးလောင်မှုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာမဟုတ်ပါဘူး။ 

အဓိကကျတဲ့စကားလုံးတွေနဲ့အတူ ဓာတ်ပုံရာဇဝင်ရှာဖွေတဲ့နည်းကိုသုံးပွီး Google မှာ ရှာကြည့်တဲ့အခါ တူရကီအသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ CNN ရဲ့ YouTube ချန်နယ်မှာလည်းပဲ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က အလားတူဗီဒီယိုကို အစီအစဉ်တင်ဆက်သူရဲ့သတင်းကြေညာချက်တွေနဲ့အတူ  ပူးတွဲဖော်ပြထားတာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။

တူရကီဘာသာစကားနဲ့ရေးထားတဲ့ CNN ဗီဒီယိုခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “အဇာဘိုင်ဂျန်က လာကူတဲ့မီးသတ်အဖွဲ့ မီးတောက်များကြားတွင်ပိတ်မိ”

တူရကီဘာသာစကားနဲ့ရေးထားတဲ့ ဗီဒီယိုရဲ့ရည်ညွှန်းစာသားတွေကတော့ အခုလိုပါ။ “Marmaris အရပ်တွင် အဇာဘိုင်ဂျန်မီးသတ်တပ်ဖွဲ့ဝင်များ တောမီးကို ကြိုးစားငြှိမ်းသတ်ခဲ့ကြသည်။ မီးတောက်များကြားပိတ်မိနေသည့် ၎င်းတို့အဖွဲ့မှာ ခက်ခက်ခဲခဲကြိုးပမ်းရင်း ပြန်လည် လွတ်မြောက်ခဲ့ကြသည်။ အသည်းထိတ်ဖွယ်အခိုက်အတန့်များကို ဗီဒီယိုတွင်ကြည့်ရှုနိုင်ပါပြီ”

Marmaris ဟာ တူရကီနိုင်ငံရဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတဲ့ အပမ်းဖြေမြို့တစ်ခုဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုတွေကြောင့် Marmaris မြို့က ကျေးရွာတချို့ကို ရွှေ့ပြောင်းပေးရတဲ့အကြောင်း သြဂုတ်လအစောပိုင်းက ရေးသားထားတဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဗီဒီယို (ဘယ်) နဲ့ CNN Turk YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ဗီဒီယို (ဘယ်) နဲ့ CNN Turk YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

Google မှာ ထပ်မံရှာဖွေကြည့်တဲ့အခါ တူရကီဝဘ်ဆိုဒ်တစ်ခုမှာ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက တင်ထားတဲ့ ပိုမိုရှည်လျားတဲ့ဗီဒီယိုဖိုင်ကို တွေ့ရပါတယ်။ ဗီဒီယိုရည်ညွှန်းစာမှာလည်း Marmaris အရပ်မှာ မီးလောင်တဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်