၂၀၂၄ တိုင်ဖွန်းယာဂီတိုက်ခတ်မှုကဆိုပြီး ဆယ်စုနှစ် တစ်ခုကျော်က ဓာတ်ပုံဟောင်းတွေ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 စက်တင်ဘာ 2024 အချိန် 09h15
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ဖိလစ်ပိုင်နိုင်ငံကိုရိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခုက ဓာတ်ပုံဟောင်းတွေကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲ အာရှနိုင်ငံအတော်များများကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ တိုက်ဖွန်းယာဂီတိုက်ခတ်မှုက ဆိုပြီး မြန်မာ့လူမှုကွန်ရက် အသုံးပြုသူတွေက မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်မှာ လူထောင်နဲ့ချီ သေဆုံးစေခဲ့ပြီး လူသန်းချီအိုးအိမ်မဲ့စေခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် ဝင်ရောက်ခဲ့တဲ့နောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။  

"လွန်ခဲ့သည့် ၁ နာရီက ဖိလစ်ပိုင်ကို ဖြတ်သွားသော မုန်တိုင်းဖြစ်သည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ကမျှဝေထားတဲ့ ပို့စ်မှာရေးသားထားပါတယ်။

ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၀၀၀ ကျော်ရှိနေပြီး ပျက်စီးနေတဲ့အိမ်တွေနဲ့ သစ်ပင်တွေရဲ့ ဓာတ်ပုံနှစ်ပုံလည်း ပါရှိပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ Screenshot

ပြီးခဲ့တဲ့ ရက်သတ္တပတ်အစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူ နှစ်ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ တိုင်ဖွန်းယာဂီ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့နေ့မှာ ဒီဓာတ်ပုံတွေ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ (archived link)

ဒီမုန်တိုင်းကြောင့်မြစ်ရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အရှေ့တောင်အာရှတခွင်မှာ ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။  

မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ ဗီယက်နမ်နိုင်ငံမှာ လူ ၁၉၇ ဦး သေဆုံးခဲ့ပြီး ခရိုင်တစ်ခုမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ (archived link)

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebookရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခု ရိုက်ခတ်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပါတယ်။  

စူပါတိုင်ဖွန်းဟိုင်ယန်  

ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ "အပျက်အစီးကြားက Tacloban" ဆိုတဲ့ ခေါင်းစဥ်နဲ့ Reuters သတင်းဌာနက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က ဓာတ်ပုံသတင်းတစ်ခုမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ (archived link)

"၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသက Tacloban မြို့ကို တိုင်းဖွန်းဟိုင်ယန်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နေအိမ်အပျက်အစီးတွေကြားမှာတွေ့ရတဲ့ လူအချို့။" ဆိုပြီး ဓာတ်ပုံအညွန်းစာမှာ ဖော်ပြထားပါတယ်။ 

အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
မှားယွင်းပြောဆိုမှုနဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

စူပါတိုင်ဖွန်းဟိုင်ယန်ဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် ဒေသတွင်း လူပေါင်း ၇,၀၀၀ ကျော် အသေအပျောက်ရှိခဲ့ပြီး ဆူနာမီနဲ့ဆင်တဲ့ ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိုးအိမ်တွေပျက်စီးခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာကယ်ဆယ်ရေးတုံ့ပြန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ (archived link)

ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံကို ရိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းတစ်ခုကဆိုပြီး  မှားယွင်းပြောဆိုဖော်ပြမှုကို AFP က ဒီလင့်ခ်မှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

အပျက်အစီးတွေကြားက လမ်းမတစ်ခုပေါ်မှာ လူတွေဖြတ်လျှောက်နေတဲ့ ဒုတိယဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ တိုင်ဖွန်းဟိုင်ယန်တိုက်ခတ်ပြီးနောက် Associated Press သတင်းဌာနက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ (archived link)

တိုင်ဖွန်းဟိုင်ယန်ရိုက်ခတ်ခဲ့ပြီးနောက် အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး ပြတ်လပ်မှုတွေဖြစ်ပေါ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Tacloban မြို့မှာ ၂၀၁၃ ခုနစ်၊ နိုဝင်ဘာလ ၁၀ ရက်က ရိုက်ကူးထားတာဖြစ်တယ်လို့ ဓာတ်ပုံအညွန်းစာမှာ ဖော်ပြထားပါတယ်။  

အောက်မှာ မှားယွင်းဖော်ပြထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AP ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။  

Image
မှားယွင်းဖော်ပြထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AP ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

တိုင်ဖွန်းယာဂီနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်