ဝေဟင်ကနေရိုက်ယူထားတဲ့ ပုံအဟောင်းတွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ထိုင်းနိုင်ငံမှာ ရေဘေးသင့်နေတဲ့ ဓာတ်ပုံတွေအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 စက်တင်ဘာ 2024 အချိန် 04h56
- ဖတ်ရန် ကြာချိန် 4 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"28.8.2024 ထိုင်းနိုင်ငံ စဂိုထိုင် ရေလှောင်တမံပေါက် လို့ ရေအရမ်းကြီး အနီရောင်အဆင့် သတ်မှတ်လိုက်ပြီ ဘေးကင်းကြပါစေ" (မူရင်းအတိုင်း)လို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
"မြန်မာပြီးထိုင်း" (မူရင်းအတိုင်း) လို့လည်း ထပ်မံရေးသားထားပါတယ်။
Follower ၃၅,၀၀၀ ခန့်ရှိတဲ့ Facebook စာမျက်နှာမှာမျှဝေထားတဲ့ အဲဒီပိုစ့်မှာ ရေလွှမ်းမိုးခံနေရတဲ့ မြို့တွေရဲ့ ပုံသုံးပုံ ပါရှိပါတယ်။
သြဂုတ်လအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းက လူတွေသေဆုံးထိခိုက်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေက ပုံတွေလို့ ပြောဆိုထားတဲ့ အလားတူပုံတွေကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် လျော့ပါးရေးဌာန (DDPM) ရဲ့ အဆိုအရ မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ (Archived link)
သီးခြားဖြစ်ရပ်တစ်ခုအနေနဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်မှာ ရေကာတာကျိုးပေါက်ခဲ့ပြီး ဆူခိုထိုင်းပြည်နယ်ရဲ့ အလယ်ပိုင်းဒေသမှာရှိတဲ့ အိမ်ခြေထောင်ပေါင်းများစွာ ရေလွှမ်းမိုးခြင်းခံခဲ့ရတယ်လို့ DDPM ကထုတ်ပြန်ထားပါတယ်။ (Archived link)
Facebook စာမျက်နှာပေါ်မှာ မျှဝေထားတဲ့ ပုံတွေထဲက တစ်ပုံက တာကျိုးပြီး ရေကြီးနေတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတဲ့ပုံဖြစ်တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအသင်း (DRAT) ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုပါတယ်။
အဲဒီပုံကို DRAT ရဲ့ Facebook စာမျက်နှာပေါ်မှာလည်း မြင်တွေ့နိုင်ပြီး၊ ၂၀၂၄ ခုနှစ် သြဂုတ်လ၂၆ ရက်နေ့က ဆူခိုထိုင်းပြည်နယ်မှာ ရိုက်ကူးခဲ့တယ်လို့ အညွှန်းစာမှာ ပါရှိပါတယ်။ (Archived link)
ဒါပေမဲ့ မျှဝေထားတဲ့ပုံတွေထဲက နှစ်ပုံကတော့ ပုံအဟောင်းတွေပဲဖြစ်ပါတယ်။
Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမပုံကို Bangkok Post သတင်းစာရဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်စဝမ်ဒေသမှာ ရေလွှမ်းမိုးတဲ့အကြောင်း ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ တွေ့ရပါတယ်။ (Archived link)
အဲဒီပုံကို Bangkok Post သတင်းစာရဲ့ သတင်းဓာတ်ပုံဆရာ Chinawat Singha က ရိုက်ကူးထားတယ်လို့လည်း ရည်ညွှန်းဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေက အရေးပေါ် အားလပ်ရက် ၅ ရက် ထုတ်ပြန်ပြီး ရေကြီးနိုင်တဲ့နေရာတွေက ဒေသခံတွေကို ကြောက်မက်ဖွယ်ရေဘေးအန္တရာယ်ကနေ ရှောင်ရှားစေခဲ့ပါတယ်။ အဲဒီ ရေဘေးက လူပေါင်း ၃၆၀ လောက်ကို အသက်ဆုံးရှုံးစေခဲ့တဲ့အပြင် ထိုင်းနိုင်ငံမြို့တော်ရဲ့ ဒုတိယလေဆိပ်ကိုပါ ရေလွှမ်းမိုးစေခဲ့တယ်လို့ AFP ကတင်ပြခဲ့ပါတယ်။ (Archived link)
Singha ရဲ့ ဓာတ်ပုံကို လွတ်လပ်တဲ့အာရှအသံ (RFA) နဲ့ MGR Onlineတို့အပါအဝင် ဒေသတွင်း အခြားရေဘေးသတင်းစာမျက်နှာတွေပေါ်မှာလည်း တွေ့ရပါတယ်။ (Archived links here and here)
နားလည်မှုလွဲစေတဲ့ Facebook ပိုစ့်ကပုံ (ဘယ်) ကို Bangkok Post သတင်းစာရဲ့ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာဖော်ပြထားပါတယ်။
ဒုတိယပုံကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှာ MGR Online သတင်းစာက ဆူခိုထိုင်းဒေသ ရေကြီးတဲ့အကြောင်း ရေးသားထားတဲ့ သတင်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ (Archived link)
"ဆူခိုထိုင်းအနေနဲ့ မြစ်ကမ်းပါးပြိုကျမှုများကို ကာကွယ်ရန်အတွက် ရေဘေးဆိုင်ရာ အရေးပေါ်ဆောင်ရွက်ချက်များ လုပ်ဆောင်ပေးပါရန် ဝန်ကြီးချုပ် Srettha ကို တောင်းဆို" လို့ ထိုင်းဘာသာစကားနဲ့ သတင်းခေါင်းစဥ်မှာ ရေးသားထားပါတယ်။
နားလည်မှုလွဲစေတဲ့ Facebook ပိုစ့်ကပုံ (ဘယ်) ကို MGR Online သတင်းစာရဲ့ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာဖော်ပြထားပါတယ်။
MGR Online သတင်းစာက အဲဒီ ဓာတ်ပုံကို အဲဒီအချိန်တုန်းက ရေလွှမ်းမိုးခံနေရတဲ့ ဒေသတွေကို တာဝန်ယူထားတဲ့ သူတို့ရဲ့ သတင်းဓာတ်ပုံဆရာက ရိုက်ကူးခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်