အင်အားပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဖိလစ်ပိုင်မြို့ရဲ့ ဓာတ်ပုံဖြစ်ပြီး 'တိုင်ဖွန်းယာဂီတိုက်ခတ်ပြီးနောက် ဗီယက်နမ်ကပုံ' မဟုတ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 စက်တင်ဘာ 2024 အချိန် 10h32
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က အင်အားအပြင်းထန်ဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ တိုင်ဖွန်းဟိုင်ယန်ကြောင့် ပျက်စီးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့  မြို့တစ်မြို့ကပုံကို တိုင်ဖွန်းယာဂီ တိုက်ခတ်ပြီးနောက် ဗီယက်နမ်နိုင်ငံရဲ့ အခြေအနေလို့ လူမှုကွန်ရက်မှာ မှားယွင်းစွာ မျှဝေနေကြပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း  ဗီယက်နမ်နိုင်ငံအပြင် မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံ တို့ကိုပါ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပေါ်ပြီး  လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။   

"မုန်တိုင်းဝင်ပြီးနောက် ဗီယက်နမ်ပျက်စီးမှုများပုံ"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ မှားယွင်းစွာ ဖော်ပြထားပါတယ်။  

"ရာဂီ မုန်းတိုင်းဟာ ကြိုတင်ခန့်မှန်ထားတာထက် လေတိုက်အား အလွန်ပြင်းထန်ပါတယ်။ ယခင်မုန်တိုင်းမဝင်မီ ၁ နာရီ ၉၀ Km/h ကနေ ၁၂၀ Km/h လောက်ပဲ တိုက်ခိုက်မယ်လို့ ခန့်မှန်းထားတဲ့နေရာမှာ လက်ရှိ တစ်နာရီ ၂၄၀ Km/h ကနေ ၂၅၀ Km/h အထိ ပြင်းအားရှိတယ်လို့ ထိုင်းဘက်က အဆက်မပြတ်သတိပေးနေပါတယ်"(မူရင်းအတိုင်း) လို့လည်း ရေးသားထားပါတယ်။  

"မြန်မာနိုင်ငံအတွက်တော့ မုန်တိုင်းရဲ့ အစွန်အဖြားသာလို့ ခန့်မှန်းထားကြပေမယ့် အပြောင်းအလဲရှိလာနိုင်တာကြောင့် သတင်းတွေကို မပြတ်စောင့်ကြည့်ပါ။"(မူရင်းအတိုင်း) ဆိုပြီးလည်း သတိပေးထားပါတယ်။

Image
မှားယွင်းစွာမျှဝေထားတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ က ရယူထားတဲ့ Screenshot

တိုင်ဖွန်းယာဂီဟာ ဗီယမ်နမ်နိုင်ငံရဲ့ လူဦးရေထူထပ်ပြီး စိုက်ပျိုးရေးအပြင် ကုန်ထုတ်လုပ်မှုအတွက်အချက်အချာဖြစ်တဲ့ မြစ်နီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ချိန်မှာ အဲဒီဓာတ်ပုံ အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် စက်ရုံတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အပြင် လယ်ယာမြေတွေလည်း ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ဒီမုန်တိုင်းကြောင့် လူပေါင်း ၂၉၂ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ (Archived link  

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်ရဲ့ အဆိုအရ မုန်တိုင်းကြောင့် လတ်တလော မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး သေဆုံးသူ ၂၂၆ ဦး ရှိတယ်လို့လည်း မြန်မာစစ်အစိုးရက ထုတ်ပြန်ထားပါတယ်။ (Archived link)

အဲဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့  ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာလည်းမျှဝေထားပါတယ်။  

ဒါပေမဲ့ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို The Associated Press (AP) သတင်းဌာနက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှာ ထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။ (Archived link)

"၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်၊ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Leyte ပြည်နယ်၊ Tacloban မြို့ရှိ အပျက်အစီးများကြားတွင် အမျိုးသမီးတစ်ယောက် ဖြတ်သန်းသွားလာနေပုံ" လို့ ဓာတ်ပုံအညွှန်းစာမှာ ရေးသားထားပါတယ်။ 

"တိုင်ဖွန်းဟိုင်ယန် ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်အပျက်အစီးများ နှင့် အမှိုက်သရိုက်များ မြို့ထဲတွင် ပြန့်ကျဲနေပြီး ဒေသခံပြည်သူများသည် အစားအစာ၊ ရေ နှင့် လျှပ်စစ်ဓာတ်အား ပြတ်လတ်မှုများကို ရင်ဆိုင်နေကြရသည်" ဆိုပြီးလည်းဖော်ပြထားပါတယ်။  

မှားယွင်းပြောဆိုထားတဲ့ Facebook ပိုစ့်ကဓာတ်ပုံ (ဘယ်) ကို AP သတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာဖော်ပြထားပါတယ်။  

Image
မှားယွင်းပြောဆိုထားတဲ့ Facebook ပိုစ့်ကဓာတ်ပုံ (ဘယ်) ကို AP သတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ အင်အားအပြင်းထန်ဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ တိုင်ဖွန်းဟိုင်ယန်က  ဆူနာမီနဲ့ အလားသဏ္ဌာန်တူတဲ့ လှိုင်းလုံးကြီးတွေနဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသတစ်ခုလုံးကို ဖျက်ဆီးပြီး လူပေါင်း ၆,၀၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့ပါတယ်။ (Archived link)

Leyte ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Tacloban မြို့ဟာ မုန်တိုင်းတိုက်ခတ်မှုဒဏ် အပြင်းအထန်ခံခဲ့ရပြီး ဆင်းရဲနွမ်းပါးသူအများစုနေထိုင်ကြတဲ့ ကမ်းရိုးတန်းဒေသကို ၅ မီတာခန့် အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်ခဲ့တဲ့အတွက် တစ်မြို့လုံးနီးပါးပျက်စီးခဲ့ပါတယ်။  

AP သတင်းဌာနရဲ့ ဓာတ်ပုံကို ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေ မှာရှိတဲ့  တိုင်ဖွန်းဟိုင်ယန် အကြောင်းရေးသားထားတဲ့ အခြားသတင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ (Archived links here and here)

တိုင်ဖွန်းယာဂီနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ် မှာလည်း အချက်အလက်စိစစ်ထားပါတယ်။   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်