ကမ္ဘာ့မြောက်ခြမ်းဂရင်းလန်းကဓာတ်ပုံကို ကမ္ဘာ့တောင်ဘက်စွန်းအန္တာတိကရာသီဥတုပြောင်းလဲမှုအကြောင်းရေးသားထားတဲ့ပို့စ်များတွင် မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 အောက်တိုဘာ 2023 အချိန် 09h21
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
အပူချိန်တိုးမြင့်လာမှုက အန္တာတိကတိုက်မှာရှိတဲ့ သဘာဝပေါက်ပင်တွေအပေါ် အပြောင်းအလဲ ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံဟာ အန္တာတိကဒေသက မဟုတ်ပါဘူး။ အဆိုပါဓာတ်ပုံဟာ Greenland ကဖြစ်ပြီး ဒီဓာတ်ပုံထဲကအပင်တွေနဲ့ ပန်းတွေဟာ အန္တာတိကမှာ ပေါက်လေ့မရှိပါဘူး။

“အန္တာတိက တိုက်ပေါ်က ပွင့်လာတဲ့ပန်းတွေ
အန္တာတိက တိုက်ဟာ ပုံမှန်ဆိုရင် အရမ်းအေးခဲတဲ့တိုက်တစ်တိုက်ဖြစ်တာကြောင့် ပန်းတွေပွင့်ဖို့အရမ်း ခက်ခဲ့ပါတယ်။ အန္တာတိက တိုက်မှာ ပုံမှန်အခြေအနေအရ ပန်း(၂)မျိုးသာ ပွင့်ပါတယ် the Antarctic hair grass နဲ့ the Antarctic pearlwort သာရှိပါတယ်။
ဒါပေမယ့် ယခုနောက်ပိုင်း အန္တာတိက မှာ အရင်က မပွင့်တဲ့ ပန်းတွေ ပါပွင့်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ အန္တာတိက တိုက်က ရေခဲတွေဟာ တဖြည်းဖြည်း အရည်ပျော်လာပြီး မြေစိုထိုင်းမှုတွေနဲ့ ပန်းတွေ ပွင့်လာကြပါတယ်။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ က ရယူထားတဲ့ screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို မြန်မာနိုင်ငံက Facebook ဒီလင့်ခ်နဲ့ ထိုင်းနိုင်ငံ လူမှုကွန်ရက်တွေမှာလည်းပျံ့နှံ့နေပါတယ်။

အင်္ဂလိပ်ဘာသာစကားနဲ့ စတင်ပျံ့နှံ့လာတဲ့ မူရင်းပို့စ်တစ်ခုမှာတော့ အီတလီနိုင်ငံ၊ Insubria တက္ကသိုလ်က သိပ္ပံပညာရှင် Cannone ရဲ့ ၂၀၂၂ ခုနှစ်က လေ့လာတွေ့ရှိချက်ကို ကိုးကားဖော်ပြထားတာ တွေ့ရပါတယ် (archived here)။

“ပန်းများသည် ယခုအခါ အန္တာတိကတွင် စတင်ပွင့်လန်းနေကြပြီး ယင်းသည် သတင်းကောင်းမဟုတ်ဟု ပညာရှင်များက ဆိုကြသည်။ ယင်းမှာ ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်အဖြစ် အန္တာတိကတိုက်ရှိ ဂေဟစနစ်တုံ့ပြန်မှု အရှိန်မြင့်လာခြင်း၏ ပထမဆုံးသော အထောက်အထားဖြစ်လိမ့်မည်ဖြစ်ကြောင်း Insubria တက္ကသိုလ်မှ ဂေဟဗေဒပါမောက္ခ Nicoletta Cannone က ပြောကြားခဲ့သည်။” လို့ နားလည်မှုလွဲစေတဲ့ Twitter ပို့စ်မှာ ဖော်ပြထားပါတယ်။

ဒီပို့စ်ဟာ အီတလီတက္ကသိုလ်က သူမရဲ့သုတေသနကို ပေါ့ပေါ့တန်တန်ဖြစ်အောင် လုပ်လိုက်တာဖြစ်ပြီး "ပန်းပွင့်များ" ဆိုတဲ့ ဝေါဟာရဟာ သူမရဲ့သုသေသနလုပ်ငန်းစဉ်ကို တိကျစွာရည်ညွှန်းခြင်းမရှိကြောင်းနဲ့ သူမရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ "vascular plants" လို့ခေါ်တဲ့ ရေသိုလှောင်အစာချက်လုပ်နိုင်တဲ့ အပင်တွေကို အဓိကထားတာဖြစ်ကြောင်း Cannone က AFP ကိုပြောပါတယ် (archived here)။

အန္တာတိကကျွန်းစွယ်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အတွင်း “ပြင်းထန်တဲ့လေထုအပူချိန်တိုးမြင့်လာမှု”နဲ့ ကြုံတွေ့နေရပြီး ကမ္ဘာ့ပူနွေးမှုပျှမ်းမျှအဆင့်သတ်မှတ်ချက်ထက် ကျော်လွန်နေမှုက အန္တာတိကတိုက်မှာရှိတဲ့ မျိုးရင်း vascular plant နှစ်မျိုးအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ကြောင်း Cannone ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

“ပုံထဲမှာပါတဲ့အပင်တွေဟာ အန္တာတိကတိုက်မှာ ပေါက်လေ့မရှိပါဘူး” လို့ Cannone က စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံဟာ ဒိန်းမတ်ပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဂရင်းလန်းမှာ ရိုက်ထားတာ တွေ့ရပါတယ်။

တူညီတဲ့ဓာတ်ပုံကို ဗြိတိန်ဓာတ်ပုံဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Alamy မှာ တွေ့နိုင်ပြီး ဓာတ်ပုံကို Cannone ရဲ့ လေ့လာမှုမတိုင်ခင်ကတည်းက တင်ထားတာ တွေ့ရပါတယ်။

“ဂရင်းလန်း၏ ကမ်းရိုးတန်းကမ်းလွန်ရေပြင်တွင် ရေခဲစိုင်များ မျောပါနေကြသည်။ ဂရင်းလန်း၏ သဘာ၀နှင့် မြေမျက်နှာသွင်ပြင်များ” ဆိုတဲ့ ဓာတ်ပုံအညွှန်းစာသားနဲ့အတူ အဲဒီဓာတ်ပုံကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ တင်ထားတာ တွေ့ရပါတယ် (archived here)။

Image
Alamy ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ပုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ က ရယူထားတဲ့ screenshot ( Manon JACOB)

ဂရင်းလန်းသဘာ၀အရင်းအမြစ်များဆိုင်ရာအဖွဲ့အစည်းက သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့Katrine Raundrup က စက်တင်ဘာ ၂၇ မှာ အခုလို အတည်ပြုဖြေကြားပါတယ်။ “ပုံထဲမှာမြင်ရတဲ့မျိုးစိတ်တွေဟာ ဂရင်းလန်းမှာ အတွေ့ရများပါတယ်”

ဂရင်းလန်းကို အာတိတ်သမုဒ္ဒရာက ဝန်းပတ်ထားပါတယ် (archived here)။ မူရင်းဓာတ်ပုံနဲ့ Cannone ရဲ့ လေ့လာအစီရင်ခံချက်တွေဟာ ပထဝီအနေအထားအရ သီးခြားစီဖြစ်ပါတယ်။ မူရင်းဓာတ်ပုံရိုက်ကူးထားတဲ့ ဂရင်းလန်းဒေသဟာ ကမ္ဘာ့မြောက်ဖျားပိုင်းမှာရှိပြီး အန္တာတိကတိုက်ကတော့ ကမ္ဘာ့တောင်ဘက်စွန်းပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့ ပန်းမျိုးစိတ်တွေဟာ Silene acaulis (archived here) နဲ့ Saxifraga cespitosa (archived here) တို့ ဖြစ်ဖွယ်ရှိကြောင်း၊ ဒီပန်းနှစ်မျိုးလုံးကို ကမ္ဘာ့မြောက်ဖျားပိုင်းမှာအတွေ့ရများပြီး အန္တာတိကမှာတော့ မရှိကြောင်း အာတိတ်ဒေသ အပင်နဲ့ဝတ်မှုန်ကူးခြင်းဆိုင်ရာ သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲမှုတွေအကြောင်း လေ့လာနေတဲ့ သိပ္ပံပညာရှင် Mikko Tiusanen က စက်တင်ဘာ ၂၇ မှာ AFP ကို ပြောပါတယ်။

Image
ဂရင်းလန်းအရှေ့မြောက်ပိုင်းကမ်းခြေ၊ Sermersoog မြူနီစီပယ်ဒေသ၊ Kulusuk (Qulusuk) ကျွန်းပေါ်မှ ပေါက်ပင်များကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် တွေ့ရစဉ်။ (AFP / JONATHAN NACKSTRAND) ( AFP / JONATHAN NACKSTRAND)

ဗြိတိန်အန္တာတိကတိုက်လေ့လာရေး (British Antarctic Survey) အဖွဲ့က ကုန်းမြေဂေဟဗေဒပညာရှင် Peter Convey က စက်တင်ဘာ ၂၆ မှာ အခုလို ဖြေပါတယ်။ “အန္တာတိကလောက် မအေးဘဲ သဘာ၀ပေါက်ပင်တွေ ပိုများတဲ့ ကျွန်းတွေမှာတောင်မှ အင်းဆက်ပိုးမွှားတွေ ဝတ်မှုန်ကူးတဲ့ ဒေသမျိုးရင်းအပင်တွေ မရှိပါဘူး။ ဒါကြောင့် အဲဒီလိုမျိုး အင်းဆက်ပိုးကောင်တွေကို ဆွဲဆောင်နိုင်တဲ့ ရောင်စုံပွင့်ဖတ်ပွင့်ချပ်တွေနဲ့ ပန်းပင်တွေလည်း မရှိပါဘူး”

ဒေသမျိုးရင်းအပင်မျိုးစိတ်တွေဟာ ဒေသရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ပြောင်းလဲလာတာကြောင့် အရေအတွက်တိုးပွားလာပါတယ်။ ဒါပေမဲ့ ဒီအပင်တွေဟာ အန္တာတိကတိုက်၊ အန္တာတိကကျွန်းဆွယ်တလျှောက်မှာ နဂိုမူလရှိပြီးသားအပင်နဲ့မျိုးစိတ်တွေဖြစ်တာကြောင့် ရာသီဥတုပြောင်းလဲ (ပူနွေး) လာတာနဲ့အမျှ ဒီအပင်တွေလည်း ပိုမို ဖြစ်ထွန်းလာကြတဲ့ သဘောပါပဲလို့ Peter Convey က ထပ်လောင်း ပြောဆိုထားပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ပို့စ်တွေဟာ နားလည်မှုလွဲမှားစေတာမှန်ပေမဲ့ ဂရင်းလန်းနဲ့ အန္တာတိကတိုက်တို့မှာ ရေခဲထုတွေ အမှန်တကယ် ဆုံးရှုံးလာနေပြီး ၂၀၁၀-၂၀၁၉ ခုနှစ်ကြားမှာ ဆုံးရှုံးမှုအများဆုံးဖြစ်လာနေပါတယ်။ အဲဒီဒေသတွေမှာ အပူချိန်ပိုမြင့်လာတာကြောင့် အနာဂတ်မှာလည်း ရေခဲထုတွေ ဆက်လက်ဆုံးရှုံးဖို့ရှိနေတယ်လို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာအစိုးရများအဖွဲ (IPCC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ် (archived here)။

ရာသီဥတုဆိုင်ရာအချက်အလက်မှားတွေနဲ့ပတ်သက်လို့ AFP ရဲ့ ထုတ်ဖော်အစီရင်ခံမှုတွေကို ဒီလင့်ခ်မှာ ပိုမိုဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်