ပဲကြီးလှော်နဲ့ကြက်သွန်ဖြူက လေဖြတ်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ ပို့စ်တွေ ကျွမ်းကျင်သူတွေ ငြင်းဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 အောက်တိုဘာ 2023 အချိန် 08h12
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“လေမဖြတ်ချင်ရင် နေ့စဉ်စားပါ” လို့ အစချီရေးသားတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်က Facebook ဒီလင့်ခ် မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၄၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။
ပို့စ်နဲ့အတူ တင်ထားတဲ့ပုံထဲမှာတော့ မြန်မာနိုင်ငံမှာ သွားရေစာအဖြစ်စားသုံးလေ့ရှိတဲ့ ပဲကြီးလှော်တွေနဲ့ ကြက်သွန်ဖြူတစ်တက်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားတာ တွေ့ရပါတယ်။
ပို့စ်မှာ အခုလို ရေးထားပါတယ်။
“အထက်ကိုလေပူဆန် လာရင်မကောင်းပါဘူး။လေလည်ပြီးအောက်ကို ဆင်းစေဖို့”နရသုခ”ဆးကျမ်းမှာပါတဲ့နည်းကို ပေးပါ့မယ်။ပဲကြီးလှော်(၁၀)စေ့ကို အခွံခွာပြီး ကြက်သွန်ဖြူ(၁)မွှာနဲ့ နေ့စဉ်စားပေးရင် လေပူလည်း အထက်ကိုမဆန်ဘူး။အဲ့ဒါကြောင့်ဘဲ လေကအောက်ကို ဆင်းပါတယ်။နောက်တော့ လေအသွားအလာမှန်တဲ့အတွက် လေဖြန်းမှာ လေဖြတ်မှာမစိုးရိမ်ရပါဘူး။နေ့စဉ် စားပေးရပါမယ်….”(မူရင်းအတိုင်း)
အလားတူပို့စ်တွေကို Facebook ဒီလင့်ခ်၊ဒီလင့်ခ်၊ ဒီလင့်ခ် တွေမှာ တင်ထားသလို၊ ဘလော့ဂ်ပို့စ် ဒီလင့်ခ်၊ ဒီလင့်ခ်၊ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။
အဲဒီပို့စ်တွေမှာ ဒီဆေးနည်းဟာ မြန်မာတိုင်းရင်းဆေးနည်းတစ်မျိုးကနေ ဆင်းသက်လာတယ်လို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဆေးလောကဝန်ထမ်းတချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့နောက် နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်တွင်းဆေးဝါးတွေနဲ့ ကုသတဲ့နည်းလမ်းတွေ အင်တာနက်လူမှုကွန်ရက်ပေါ် ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။ (archived here)
ဒါပေမဲ့ လေဖြတ်ရောဂါဟာ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သင့်လျော်တဲ့နေထိုင်မှုပုံစံတွေကသာ လေဖြတ်မှုကို ကာကွယ်နိုင်မှာ ဖြစ်ပြီး၊ ပဲကြီးလှော်နဲ့ကြက်သွန်ဖြူစားသုံးခြင်းက ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
သိပ္ပံနည်းကျအထောက်အထားမရှိ
လေဖြတ်တာကို တစ်နည်းအားဖြင့် ဦးနှောက်ထိခိုက်မှု” လို့လည်း ခေါ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့ လေဖြတ်ခြင်းဆိုင်ရာအချက်အလက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ (archived link)
“ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်နေရာကို တစုံတခုက ပိတ်ဆို့တဲ့အခါမှာ ဖြစ်စေ၊ ဦးနှောက်ထဲက သွေးကြောတွေ ပေါက်တဲ့အခါမှာဖြစ်စေ” လေဖြတ်တာ ဖြစ်တယ်လို့ ရေးထားပါတယ်။
“အခြေအနေနှစ်မျိုးစလုံးမှာ ဦးနှောက်အစိတ်အပိုင်းတွေ သေသွားတာ၊ ပျက်စီးသွားတာ ဖြစ်နိုင်ပါတယ်။ လေဖြတ်ခြင်းကြောင့် ကာလရှည်ဦးနှောက်ပျက်စီးသွားတာ၊ ရေရှည်မသန်စွမ်းဖြစ်တာအပြင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်” လို့ CDC ရဲ့ စာမျက်နှာမှာ ဖော်ပြပါတယ်။
ပဲကြီးလှော်နဲ့ကြက်သွန်ဖြူက လေဖြတ်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို CDC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nick Spinelli က “ဒီအဆိုမှန်ကန်တယ်ဆိုတာ ပြောနိုင်မယ့် သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုတွေ မရှိဘူး” လို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ AFP ကို ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dr Margaret Harris ကလည်း “အန္တရာယ်ရှိတဲနေထိုင်စားသောက်မှုပုံစံတွေ” ကို ရှောင်ရှားခြင်းဖြင့် လေဖြတ်တာကို ကာကွယ်နိုင်မယ်လို့ AFP ကို ဩဂုတ်လ ၃၁ ရက်မှာ ပြောပါတယ်။
ဆေးလိပ်ဆေးရွက်သုံးစွဲမှု ရပ်တန့်တာ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရက်ပမာဏကို ရှောင်ရှားတာ၊ အစားအသောက်တွေမှာ ဆားပါဝင်မှု လျှော့ချတာတွေအပြင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုမိုစားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်တာတွေ လုပ်ဆောင်ရမယ်လို့ သူက ဆိုပါတယ်။
လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က အချက်အလက်တွေ စိစစ်ထားပြီး ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်