အာဖရိကမြောက်ပိုင်းမှာ ရိုက်ကူးထားတဲ့ မီးရှူးမီးပန်းဗီဒီယိုကို အစ္စရေး-ဟာမက်စ် ပဋိပက္ခအဖြစ် မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 အောက်တိုဘာ 2023 အချိန် 07h13
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Natalie WADE, AFP USA
အစ္စရေးက ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့နောက် တွေ့ရတဲ့ ဂါဇာမြို့ရဲ့နောက်ဆုံးအခြေအနေလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေနှစ်သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟာမက်စ်အဖွဲ့က အစ္စရေးကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဘက်သွေးထွက်သံယိုစစ်ပွဲတွေ စတင်ခဲ့ပြီး အခုလို နားလည်မှုလွဲစေတဲ့ ဗီဒီယိုတွေလည်း ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီဗီဒီယိုဟာ အာဖရိကမြောက်ပိုင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံက မီးရှူးမီးပန်းတွေ ပစ်ဖောက်တဲ့ဗီဒီယိုသာ ဖြစ်ပြီး လတ်တလော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမတိုင်ခင်ကတည်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ (၂) သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။ ပို့စ်မှာ အခုလို ရေးသားထားပါတယ်။

“R2b.မျှော် စစ်ကိုမျှော်နေ ငပိန်းတွေ မြန်မာ့တပ်မတော်က..ကမ္ဘာမှာ မြန်မာနိုင်ငံ ရပ်တည်နိုင် အောင် ကြိုးစားတယ်.. အဲ့ဒါ ဂါဇာမြို့ရဲ့နောက်ဆုံးအခြေအနေပဲ။”(မူရင်းအတိုင်း)

ဗီဒီယိုမှာ ခေါင်မိုးတွေပေါ်ကနေ ထွက်ပေါ်လာတဲ့ မီးအလင်းတန်းတွေနဲ့ နီရဲနေတဲ့ မြို့တစ်မြို့ရဲ့ ညကောင်းကင် မြင်ကွင်းကို တွေ့ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က ရယူထားတဲ့ screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာရယူခဲ့တဲ့နောက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်ရေအရ အရေးယူပေးကြဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် R2P (Responsibility to protect) လို့ ခေါ်တဲ့စစ်ရေးအရအကာအကွယ်ပေးမှုတွေ ရရှိဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ (archived link)

အောက်တိုဘာ (၇) ရက်မှာ အစ္စရေးကို ဟာမက်စ်စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူထောင်ချီသေဆုံးခဲ့တဲ့အပြင် ဓားစာခံ ၁၅၀ လောက်ကိုလည်း ဟားမက်စ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးဘက်က ဂါဇာဒေသကို တန်ပြန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နှစ်ဘက် လူထောင်နဲ့ချီ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ (archived link)

နားလည်မှုလွဲစေတဲ့ဗီဒီယိုကို စပိန်ဂျာမန်ပေါ်တူဂီမလေးဘာသာစကားတွေနဲ့လည်း မျှဝေခဲ့ကြပါတယ်။အလားတူပြောဆိုထားတဲ့ ပို့စ်တွေကို မြန်မာဘာသာစကားနဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေထားကြပါတယ်။

ဒါပေမဲ့ ဗီဒီယိုဟာ လတ်တလော အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုနဲ့ မသက်ဆိုင်ပါဘူး။

Image
A missile explodes in Gaza City during an Israeli air strike on October 8, 2023 ( AFP / MAHMUD HAMS)
Image
Fire and smoke rise above buildings in Gaza City during an Israeli air strike on October 8, 2023 ( AFP / MAHMUD HAMS)

 

 

အယ်လ်ဂျီးရီးယားက ဗီဒီယို

ယခင် Twitter လို့ ခေါ်တဲ့ X လူမှုကွန်ရက် အသုံးပြုသူတွေက အဲဒီဗီဒီယိုဟာ ဂါဇာအပေါ် အစ္စရေးက တိုက်ခိုက်နေတဲ့ ဗီဒီယိုမဟုတ်ဘူးလို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

“ဒီဗီဒီယိုက Belouizdad အသင်းက ဘောလုံးပွဲအနိုင်ရပြီးတဲ့အချိန် အယ်လ်ဂျီးရီးယားနိုင်ငံမှာ ရိုက်ထားတာပါ” လို့ အောက်တိုဘာ ၈ ရက်က တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ရေးထားပါတယ်။ (archived link)

အဓိကစကားလုံး (Keywords) တွေ အသုံးပြုပြီး ရှာဖွေခဲ့တဲ့အခါ အဲဒီဗီဒီယိုနဲ့ ထပ်တူကျတဲ့ ဗီဒီယိုများစွာကို တွေ့ရှိခဲ့ပါတယ်။ (archived here and here)

အဲဒီဗီဒီယိုတွေက ၂၀၂၀ ခုနှစ်က Algerian championship ဘောလုံးပွဲမှာ CR Belouizdad အသင်းက အနိုင်ရခဲ့တဲ့အတွက် မြို့တော် Algiers မှာ အသင်းပရိသတ်တွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖြစ်တာကို တွေ့ရှိရပါတယ်။ (archived here)

ဗီဒီယိုရိုက်ကူးခဲ့တဲ့နေရာကို AFP က ှာဖွေအတည်ပြုခဲ့ပြီး ထင်ရှားကိုက်ညီတဲ့အမှတ်အသားတွေအဖြစ် စက်ဝိုင်းပုံလမ်းဆုံတစ်ခုနဲ့ မီးအလင်းရောင်ဘောင်ခတ်ထားတဲ့ ကြော်ငြာဘုတ်တစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။

Image
Image
Screenshot from Google Maps taken October 10, 2023, with elements highlighted by AFP

 

 

Image
( Lynn MYAT)

 

 

အစ္စရေး-ဟာမက်စ် ပဋိပက္ခကြောင့် အင်တာနက်လူမှုကွန်ရက်တွေမှာ မှားယွင်းတဲ့ အကြောင်းအရာများစွာ ပျံ့နှံ့နေပြီး ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ အစ္စရေး-ဟာမက်စ် ပဋိပက္ခနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပေါ် AFP ရဲ့ သတင်းအချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ