အစ္စရေး-ဟားမတ်စ်ပဋိပက္ခတွေနဲ့အတူ ဆန္ဒပြပွဲဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့က အစ္စရေးကိုရုတ်တရက်တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲစစ်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက် ကမ္ဘာတဝှမ်းက ဒီစစ်ပွဲကိုဆန့်ကျင်ဆန္ဒပြနေချိန်မှာ လက်ဘနွန်ပြည်သူတွေက အစ္စရေးနယ်စပ်တံတိုင်းကိုကျော်တက်ဆန္ဒပြနေကြတယ်ဆိုပြီး ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ အစ္စရေး-ဟားမတ်စ်စစ်ပွဲမတိုင်ခင် ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲတစ်ခုကဖြစ်ပါတယ်။

“ယခုနေ့ လက်ဘနွန်အရပ်သားများသည် ပါလက်စတိုင်းများကို ကာကွယ်ရန်အတွက် နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ရန်ကြိုးစား” (မူရင်းအတိုင်း) ဆိုပြီး အောက်တိုဘာလ ၁၃ ရက်နေ့က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။

ဒီပို့စ်ရဲ့ ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၁ သန်းကျော်ရှိပြီး ပါလက်စတိုင်းအလံကိုကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေ အုပ်တံတိုင်းတစ်ခုကို ကျော်တက်ဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။

Image
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာနိုင်ငံက Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး အာရပ်စပိန်ထိုင်း၊ ပေါ်တူဂီအပြင် အီတလီဘာသာစကားတွေနဲ့လည်း ပျံ့နှံ့နေပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်သေနတ်သမားတွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုတွေကြောင့် အစ္စရေး-ပါလက်စတိုင်းဒေသမှာ နောက်ဆက်တွဲစစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဟာ အပစ်မဲ့ပြည်သူအများစုပါဝင်တဲ့ လူပေါင်း ၁၄၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူ ၁၉၉ ဦးကို ဓားစာခံဖမ်းခေါ်သွားခဲ့ပါတယ်။ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသကို အဆက်မပြတ်လေကြောင်းတိုက်ခိုက်ဗုံးကျဲမှုတွေနဲ့ ပြန်လည်တုန့်ပြန်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် သာမန်ပါလက်စတိုင်းလူမျိုးအများစုပါဝင်တဲ့ လူပေါင်း ၃၀၀၀ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုးတွေကိုထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေ အရှေ့အလယ်ပိုင်းဒေသက မြို့တော်တွေမှာ လမ်းထွက်ဆန္ဒပြမှုတွေရှိခဲ့တဲ့နောက် ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ်၊ မေလက ဆန္ဒပြပွဲတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ယခင်ကလည်း မှားယွင်းပြောဆိုမှုတွေနဲ့အတူပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒီဗီဒီယိုထဲကပုံရိပ်တွေနဲ့ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်မတိုင်ခင်ကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကဓာတ်ပုံ၊ ဗီဒီယိုတွေဖြစ်နေတာတွေ့ရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်တဲ့ Aziz Taher ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံမှာ ဗီဒီယိုရဲ့နောက်ခံမှာတွေ့ရတဲ့ နယ်ခြားစောင့်ကွန်ကရစ်တံတိုင်းတစ်ခုနဲ့ တောင်ကုန်းတစ်ခုပေါ်ကအဆောက်အအုံပါရှိနေတာ တွေ့ရပါတယ်။ (archived link)

Image
ဗီဒီယိုတစ်ခုက Screenshot နဲ့ Reuters ဓာတ်ပုံတူညီချက်တွေကို နှိုင်းယှဥ်ချက်

"၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်လက်ဘနွန်တောင်ပိုင်း၊ လက်ဘနွန်-အစ္စရေးနယ်စပ်အနီးရှိ Adaisseh ရွာတွင် ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိနေကြောင်းပြသရန်ဆန္ဒပြသူများ စုရုံးဆန္ဒပြကြစဉ်" ဆိုပြီး ဓာတ်ပုံအညွှန်းစာမှာဖော်ပြထားပါတယ်။

အဲဒီအချိန်က ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတိုက်ခိုက်မှု ဆန့်ကျင်ဆန္ဒပြနေတဲ့ အီရန်ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာလှုပ်ရှားမှုအဖွဲ့ဝင် Mohamad Kassem Tahan ဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဒီ ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအချိန်က နယ်စပ်မှာ အခြားဆန္ဒပြပွဲအမြောက်အများပေါ်ပေါက်ခဲ့ချိန်မှာ ဒီဗီဒီယိုကိုရိုက်ကူးခဲ့တယ်လို့ ယူဆရပါတယ်။

AFP က အေဂျင်စီရဲ့ ဓာတ်ပုံမှတ်တမ်းတွေကတစ်ဆင့် ရှာဖွေမှုပြုလုပ်ပြီး ဗီဒီယိုမှတ်တမ်းတင်ထားတဲ့ Adaisseh မြို့က နေရာအတိအကျကို တည်နေရာရှာဖွေတွေ့ရှိခဲ့ပါတယ်။ အစ္စရေးနယ်စပ်ကနေ AFP ဓာတ်ပုံဆရာ Jalaa Marey က ၂၀၂၁ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံမှာ ဗီဒီယိုထဲက တူညီတဲ့အဆောက်အအုံပါဝင်နေတာတွေ့ရပါတယ်။

Image
A vehicle of the United Nations Interim Force in Lebanon (UNIFIL) patrols across the border on the outskirts of the southern Lebanese village of Adaisseh on February 19, 2021 as seen from Israel's northern town of Metula ( AFP / JALAA MAREY)

ဒီဓာတ်ပုံထဲကအချက်အလက်တွေကိုအသုံးပြုပြီး နယ်စပ်တံတိုင်းအနီးတလျှောက်လမ်းမပေါ်က တည်နေရာအတိအကျကို Adaisseh နယ်စပ်ဒေသက Google Earth ဂြိုလ်တုဓာတ်ပုံတွေနဲ့ AFP က နှိုင်းယှဥ်လေ့လာခဲ့ပါတယ်။

Image
AFP ဓာတ်ပုံနဲ့ အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုကို ဘေးချင်းယှဥ်နှိုင်းယှဥ်ချက်

ဒီဓာတ်ပုံနှစ်ခုလုံးမှာ လိမ္မော်ရောင်ခေါင်မိုးပါတဲ့အဆောက်အအုံတစ်ခုနဲ့ ကွေ့ကောက်နေတဲ့လမ်းသွယ်တစ်ခုကို တွေ့ရပါတယ်။ အောက်မှာ Google Maps ဓာတ်ပုံထဲက တူညီတဲ့အချက်အလက်တွေကို အနီရောင် “X” အမှတ်အသားနဲ့ ဒီဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ တည်နေရာကို တွေ့နိုင်ပါတယ်။

Image
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က ရယူထားတဲ့ Google Maps ရဲ့ Screenshot

အရှေ့အလယ်ပိုင်းဒေသမှာ အတည်ပြုသေဆုံးသူဦးရေ ထောင်နှင့်ချီပြီး ဆက်လက်တိုးမြင့်လာတာနဲ့အမျှ ဆိုရှယ်မီဒီယာပေါ်မှာ ခိုင်လုံမှုမရှိတဲ့ မှားယွင်းပြောဆိုမှုတွေ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီမှားယွင်းပြောဆိုမှုတွေဟာ လက်တွေ့မှာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

အစ္စရေး-ဟားမတ်စ်ပဋိပက္ခ နဲ့ သက်ဆိုင်တဲ့အခြားသောနားလည်မှုလွဲစေတဲ့အချက်အလက်တွေကို AFP က ဒီလင့်ခ်မှာ စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ