'ဟာမက်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးရဲ့အခြေအနေ' ဆိုပြီး အိန္ဒိယနဲ့ နိုင်ဂျီးရီးယားနိုင်ငံက ဗီဒီယိုဟောင်းတွေမှားယွင်းပျံနှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 နိုဝင်ဘာ 2023 အချိန် 10h13
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
အောက်တိုဘာလ ၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်ဒေသက ဟာမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ အစ္စရေးအပေါ် ရုတ်တရက်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့စစ်ပွဲမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေသေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော်ကို ဟာမက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။ ဒီတိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် အစ္စရေးစစ်ပွဲအအခြေအနေဆိုပြီး ဗီဒီယိုဖိုင်နှစ်ခုကို လူမှုကွန်ရက်မှာပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ အစ္စရေး-ဟာမက်စ် ပဋိပက္ခနဲ့ဆက်နွယ်မှုမရှိပါဘူး။ ဒီဗီဒီယိုတွေဟာ အိန္ဒိယနိုင်ငံက ဘာသာရေးပွဲနဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီသယ်ယာဥ်တိမ်းမှောက်မှုက ဗီဒီယိုတွေဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၂,၈၀၀ ကျော်ရှိတဲ့ ဒီ Facebook ပို့စ်မှာ "ယနေ့အစ္စရေးစစ်ရေးအခြေအနေ" (မူရင်းအတိုင်း) ဆိုတဲ့ စာသားပါရှိပါတယ်။

လမ်းမကြီးတစ်ခုအပေါ်မှာလူအုပ်လိုက်တိုးကြိတ်နေတာကို ပထမဗီဒီယိုမှာတွေ့ရပြီး ဒုတိယဗီဒီယိုဖိုင်ထဲမှာ လမ်းမကြီးတစ်ခုဘေးမီးလောင်နေတဲ့ပုံရိပ်တွေကို တွေ့ရပါတယ်။

ဒါ့အပြင် ဗီဒီယိုထဲမှာ မြန်မာဘာသာစကားအပြင် ပေါ်တူဂီဘာသာစကားနဲ့ "ယနေ့ အစ္စရေးစစ်ဘေးအခြေအနေ" ဆိုပြီး စာသားပါရှိပါတယ်။

Image
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟာမက်စ်အဖွဲက အစ္စရေးနယ်စပ်ကိုဖြတ်ကျော်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အရပ်သားအများစုပါတဲ့ လူပေါင်း ၁,၄၀၀ ကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးကဆိုပါတယ်။ ဒါ့အပြင် လူ ၂၂၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့တယ်လို့ဆိုပါတယ်။

အစ္စရေးရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့် ကလေးငယ်အများစုပါတဲ့ ဒေသတွင်းရှိ လူပေါင်း ၈,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဟာမက်စ်ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုတွေဟာ မြန်မာနိုင်ငံက Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပျံ့နှံ့နေပြီး ထိုင်းဘာသာစကားနဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပျံ့နှံ့နေပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ အစ္စရေး-ဟာမက်စ် ပဋိပက္ခနဲ့ဆက်စပ်မှုမရှိပါဘူး။

အိန္ဒိယနိုင်ငံက ပွဲတော်

ပထမဗီဒီယိုရဲ့ပုံရိပ်တွေနဲ့ အဓိကကျတဲ့စကားလုံးတွေ အသုံးပြုပြီး Google ပေါ် ရာဇဝင်ရှာကြည့်တဲ့အခါ အိန္ဒိယနိုင်ငံကပွဲတော်တစ်ခုက ရိုက်ကူးထားတယ်လို့ဆိုတဲ့ YouTube ဗီဒီယိုတစ်ခုကိုတွေ့ရပါတယ်။

ဇွန်လ ၂၃ ရက်နေ့က မျှဝေထားတဲ့ ဒီဗီဒီယိုမှာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း Baripada မြို့မှာကျင်းပတဲ့ Ratha Yatra ပွဲတော်ကဆိုပြီး စာသားဖော်ပြထားပါတယ်။

လှည်းရထားပွဲတော်လို့လည်းလူသိများတဲ့ ဒီပွဲတော်ဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးကျယ်ဆုံးနဲ့ ရှေးအကျဆုံး ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ဟိန္ဒူနတ်ဘုရားများကိုတင်ဆောင်ထားတဲ့ တန်ဆာဆင်ရထားတွေကို ကိုးကွယ်သူတွေက လမ်းတစ်လျှောက်ဆွဲယူလှည့်လည်ပူဇော်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လကနေ ဇူလိုင်လအတွင်းကျင်းပတဲ့ Baripada မြို့က Yatha Yatra ပွဲတော်ဟာ အမျိုးသမီးကိုးကွယ်သူတွေကိုသာ လှည်းရထားဆွဲခွင့်ပြုတဲ့အတွက် ထူးခြားတဲ့ပွဲတော်တစ်ခုအဖြစ်လူသိများပါတယ်။ (archived link)

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ ဗီဒီယိုက Screenshot (ဘယ်) နဲ့ YouTube ပေါ်ကမူလဗီဒီယို (ညာ)တို့ကို နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ ဗီဒီယိုက Screenshot (ဘယ်) နဲ့  YouTube ပေါ်ကမူလဗီဒီယို (ညာ)တို့ကို နှိုင်းယှဥ်ပြထား

ဒီပွဲတော်ကျင်းပတဲ့ Baripada မြို့က Google Street View ဓာတ်ပုံတွေဟာ ဗီဒီယိုထဲကပုံရိပ်တွေနဲ့ ကိုက်ညီနေပါတယ်။ (archived link)

အောက်မှာ YouTube ဗီဒီယို (ဘယ်) နဲ့ Google Street View ပုံရိပ် (ညာ) ရဲ့ တူညီမှုတွေကို AFP ကအမှတ်အသားလုပ်ပြထားတာ တွေ့နိုင်ပါတယ်။

Image
YouTube ဗီဒီယို (ဘယ်) နဲ့ Google Street View ပုံရိပ် (ညာ) ရဲ့ တူညီမှုတွေကို AFP ကအမှတ်အသားလုပ်ပြထား

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်မှာအခြေစိုက်တဲ့ Kalinga TV ကလည်း ဇွန်လ ၂၁ ရက်နေ့မှာ သတင်းမှတ်တမ်းဗီဒီယိုတစ်ခုကို YouTube ပေါ်မှာတင်ပြထားပြီး ဒီဗီဒီယိုရဲ့ ၁ မိနစ် ၂ စက္ကန့်ကြာချိန်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယိုထဲမှာတွေ့ရတဲ့ လှည်းရထားတစ်စင်းကို တွေ့နိုင်ပါတယ်။ (archived link)

နိုင်ဂျီးရီးယားနိုင်ငံက ဆီသယ်ယာဥ်တိမ်းမှောက်မှု

ဒုတိယဗီဒီယိုထဲကပုံရိပ်တွေကို အဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဗီဒီယိုကို နိုင်ဂျီးရီးယားအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ TrustTV ဇူလိုင်လ ၂၅ ရက်နေ့မှာမျှဝေထားတာတွေ့ရပါတယ်။ (archived link)

"Ondo ရေနံတင်သင်္ဘော ပေါက်ကွဲမှု- Ore Benin အမြန်လမ်းမှာ ဖိတ်စင်လာတဲ့ လောင်စာဆီ ဆယ်ယူစဥ် ၈ ဦး သေဆုံး" လို့ ခေါင်းစဉ်နဲ့ ဒီဗီဒီယိုကို သတင်းဖော်ပြထားပါတယ်။

"Ondo ပြည်နယ်၊ Odigbo ဒေသအစိုးရနယ်မြေ Ore မှာ ဓာတ်ဆီတင်ဆောင်ထားတဲ့ ရေနံတင်သင်္ဘောတစ်စီး တနင်္ဂနွေနေ့မှာ မီးလောင်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်သုံးဦးသေဆုံးခဲ့ပါတယ်။" လို့ ဗီဒီယိုမှာ စာသားဖော်ပြထားပါတယ်။ "ဒီပေါက်ကွဲမှုဟာ သေဆုံးသူတွေက ရေနံတင်ယာဥ်ပေါ်ကလောင်စာဆီတွေကို အပြေးအလွှား ဆယ်ယူနေစဥ်ဖြစ်ပွားခဲ့တာဖြစ်တယ်"လို့ဆိုထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယို (ဘယ်) ကို TrustTv က ဗီဒီယို (ညာ)နဲ့ နှိုင်းယှဥ်ပြထားတာကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယို (ဘယ်) ကို TrustTv က ဗီဒီယို (ညာ)နဲ့ နှိုင်းယှဥ်

နိုင်ဂျီးရီးယားသမ္မတ Bola Tinubu က ဓာတ်ဆီထောက်ပံ့မှုကို ဇွန်လ ၁ ရက်နေ့မှာ ရပ်တန့်လိုက်ပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီယာဥ်တွေကဓာတ်ဆီဆယ်ယူမှုကြောင့်ဖြစ်တဲ့ မတော်တဆမှုကြောင့် သေဆုံးမှုတွေမကြာခနဖြစ်ပေါ်ခဲ့တယ်လို့ The Guardian Nigeria ကသတင်းဖော်ပြထားပါတယ်။ (archived link)

Ore Bening အဝေးပြေးလမ်းပေါ်က ရိုက်ကူးထားတဲ့ Google Street View ပုံရိပ်တွေဟာ ဗီဒီယိုထဲက ပုံရိပ်တွေနဲ့ ထပ်တူဖြစ်နေပါတယ်။ (archived link)

အောက်မှာ YouTube ဗီဒီယို (ဘယ်) နဲ့ Google Street View ပုံရိပ် (ညာ) ရဲ့ တူညီမှုတွေကို AFP ကထောက်ပြထားတာ တွေ့နိုင်ပါတယ်။

Image
YouTube ဗီဒီယို (ဘယ်) နဲ့ Google Street View ပုံရိပ် (ညာ) ရဲ့ တူညီမှုတွေကို AFP ကထောက်ပြထား

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်