
သင်္ဘောအပျက်အစီးဗီဒီယိုအဟောင်းကို ၂၀၂၄ ခုနှစ် ဟူသီသူပုန်တွေတိုက်ခိုက်မှုအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဖေဖော်ဝါရီ 2024 အချိန် 04h58
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Natalie WADE, AFP အမေရိကန်ပြည်ထောင်စု, AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၂၄ စက္ကန့်ကြာမြင့်တဲ့ အဲဒီဗီဒီယိုကို "နစ်မြုပ်သွားတဲ့ ဗြိတိန်သင်္ဘော RubyMar ရဲ့ဗီဒီယို"(မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့အတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ အစ္စရေး-ဟာမက်စ် စစ်ပွဲနဲ့ဆက်နွှယ်ပြီး ဒေသအတွင်းမှာ ပဋိပက္ခတွေ အရှိန်မြင့်တက်လာချိန်မှာ အခုလိုဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။
ဗီဒီယိုမှာ ရေပြင်ထဲနစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောတစ်စီးကို တွေ့ရပါတယ်။

အဲဒီဗီဒီယိုကို Facebook နဲ့ TikTok မှာ ပြင်သစ်၊ တူရကီ၊ စပိန်၊ ထိုင်းစတဲ့ ဘာသာစကားတွေနဲ့လည်း မျှဝေခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ယီမင်နယ်နမိတ်အတော်များများကိုထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက အစ္စရေးနဲ့ဆက်နွယ်မှုတွေရှိတယ်ဆိုတဲ့ ကုန်သင်္ဘောတွေကို ပင်လယ်နီမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမက်စ်လက်နက်ကိုင်တွေကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေနဲ့အတူ ရပ်တည်ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဒီတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဟူသီသူပုန်တွေက ဆိုပါတယ်။
ပင်လယ်နီနဲ့အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားတဲ့ Bab el-Mandeb ရေလက်ကြားကို ဖြတ်သန်းစဉ် Rubymar သင်္ဘောကို ဟူသီသူပုန်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောပျက်စီးခဲ့ပြီး သင်္ဘောသားတွေဟာ သင်္ဘောကိုစွန့်ခွာခဲ့ရတယ်လို့ ဗြိတိန်အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ (archived here)
ဟူသီသူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေကနေ သင်္ဘာဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဒုံးကျည်တစ်စင်းက သင်္ဘောကိုထိမှန်ခဲ့တယ်လို့ အမေရိကန်ဗဟိုဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ (archived here)
ဟူသီသူပုန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree ကလည်း သူတို့အဖွဲ့ဟာ Rubymar အပါအဝင် သင်္ဘောသုံးစင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ (archived here)
ဒုံးကျည်ထိမှန်မှုကြောင့် Rubymar သင်္ဘောထိခိုက်ပျက်စီးခဲ့ပေမယ့် ပင်လယ်ထဲ နစ်မြုပ်သွားခြင်းမရှိဘဲ သင်္ဘောကို ဂျီဘူတီနိုင်ငံထိ ဆွဲယူနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဘီဘီစီသတင်းဌာနက ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ Facebook ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုကတော့ Rubymar သင်္ဘောတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်မှု မရှိပါဘူး။
ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံတွေကိုအသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဗီဒီယိုဟာ Rubymar သင်္ဘောတိုက်ခိုက်ခံရမှုမတိုင်ခင် နှစ်အတော်အကြာက အင်တာနက်လူမှုကွန်ရက်ပို့စ်တွေမှာ ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုဆိုတာ တွေ့ရပါတယ်။ (archived here and here)
အဲဒီဗီဒီယိုထဲကသင်္ဘောဟာ ၂၀၁၃ ခုနှစ်က စက်ခန်းမီးလောင်မှုကြောင့် အိုမန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ MV Atlantik Confidence ဖြစ်ပါတယ်။
တူရကီဘာသာစကားနဲ့ရေးသားထားတဲ့ သင်္ဘောနစ်မြုပ်မှုအကြောင်း သတင်းတစ်ပုဒ်မှာလည်း မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ဗီဒီယိုနဲ့ကိုက်ညီတဲ့ Screenshot တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ (archived here)

အစ္စရေး-ဟာမက်စ် စစ်ပွဲနဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ မှားယွင်းတဲ့အကြောင်းအရာတွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်