ဖိလစ်ပိုင်နိုင်ငံက မီးအကြီးအကျယ်လောင်ကျွမ်းမှုဗီဒီယိုကို ရခိုင်ပြည်နယ်တိုက်ပွဲတွေအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 မတ် 2024 အချိန် 04h06
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကစပြီး မြန်မာ့စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာ ဖိလစ်ပိုင်နိုင်ငံကမီးလောင်ကျွမ်းမှုဗီဒီယိုတစ်ခုကို မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တိုက်ပွဲတွေကဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Cebu ပြည်နယ်က လူထောင်ချီအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ မီးလောင်ကျွမ်းမှုတစ်ခုအတွင်း ရိုက်ကူးခဲ့တဲ့ဗီဒီယိုသာဖြစ်ပါတယ်။

"စစ်ကိုခေါ်တယ် ရခိုင်အများစုက ထောက်ခံတယ် မင်းပြား ကြိမ်းတောင်ပေါ်က တပ်မတော်ကို တိုက်တယ် တပ်က ပြည်သူအထိနာမှာစိုးလို့ ဆုတ်ပေးခဲ့တယ် မြေပြင်အစစ်အမှန် ကတော့ AA အပြင် အကြမ်းဖက်ကို ထောက်ပံ့တယ် ဝန်းရံတယ် ထောက်ခံကြလေတော့ ---ကဲ မငိုကြေးနော် သာလီစွ ပါ သီးမွှေးတို့" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။

ရေပြင်အနီးကခြေတံရှည်အိမ်တွေကို ဝါးမျိုနေတဲ့မီးတောက်ကြီးဆီက ကြီးမားတဲ့မီးခိုးတိုက်ကြီးတွေ ကောင်းကင်ကိုပျံတက်နေတဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုတစ်ခုကို ဒီပို့စ်နဲ့အတူမျှဝေထားပါတယ်။  

ဒီဗီဒီယိုကို အကြိမ်ရေ ၂၉၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။  

"ဇာပြောရမှန်မသိယာ မင်းပြား အိမ်ကိုလည်ဖုန်းဆက်မရ, မင်းပြားသူ မင်းပြားသားများဘေးကင်းပါဇီ" (မူရင်းအတိုင်း) ဆိုပြီး ရခိုင်ဘာသာစကားနဲ့စာသားကိုလည်း ဗီဒီယိုထဲမှာတွေ့ရပါတယ်။

မင်းပြားမြို့ဟာ မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်ကမြို့တစ်မြို့ဖြစ်ပါတယ်။ (Archived link

၂၀၀၉ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နှစ်ပေါင်းအတော်ကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ (Archived link)

Image
၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်ကမြို့နယ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် AA နဲ့ မြန်မာ့စစ်တပ်ကြားတိုက်ခိုက်မှုတွေပြင်းထန်နေချိန် ဒီဗီဒီယိုဟာ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို TikTok ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းမျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ရေ ၂ ဒဿမ ၆ သန်းကျော်ရှိနေပါတယ်။  

ဒါပေမဲ့ ဒီဗီယိုဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတစ်ခုကဖြစ်ပြီး ရခိုင်ပြည်နယ်တိုက်ပွဲတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။  

၂၀၂၃ ခုနှစ် Cebu မီးလောင်ကျွမ်းမှု

ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံတွေ၊ အဓိကကျတဲ့စကားလုံတွေကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ဆင်တူဗီဒီယိုတစ်ခုကို TikTok ပေါ်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"ဒါဟာ ငါတို့ Pusok ရပ်ကွက်၊ Lapu-Lapu မြို့ ၊ Cebu မှာနေထိုင်သူတွေအတွက် ခရစ္စမတ်လက်ဆောင်" ဆိုပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာအသုံးများတဲ့ Visayan ဘာသာစကားနဲ့စာသားပါရှိပါတယ်။  

Pusok ဟာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Cebu ပြည်နယ်ရဲ့ Lapu-Lapu မြို့က ရပ်ကွက်တစ်ခုဖြစ်ပါတယ်။  

လူတစ်ယောက်က ဖိလစ်ပိုင်ဘာသာစကားနဲ့ "Lola" "အဖွား" လို့ပြောဆိုနေတာကို ဒီဗီဒီယိုထဲမှာကြားရပါတယ်။   

Visayan ဘာသာစကားပြောသူတစ်ဦးက “နင့်ကိုရှာမတွေ့လို့ အရမ်းထိတ်လန့်သွားတာပဲ” လို့ပြောဆိုနေတာကို ဒီဗီဒီယိုရဲ့  ၂၇ စက္ကန့်ကြာချိန်မှာကြားရပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ ဗီဒီယိုကရုပ်ပုံ (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားပြီး တူညီတဲ့အချက်အလက်တွေကို AFP က အမှတ်အသားလုပ်ပြထားတာတွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ ဗီဒီယိုကရုပ်ပုံ (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်

မီးလောင်ကျွမ်းမှုကို အခြားရှုထောင့်တွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယို နဲ့ ဓာတ်ပုံတွေကိုလည်း ဒီTikTok အသုံးပြုသူက သူ့ရဲ့စာမျက်နှာမှာ မျှဝေထားပါတယ်။ (Archived links here and here)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှာ Lapu-Lapu မြို့က Santa Maria ပင်လယ်ကမ်းစပ်ရပ်ကွက် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဒါဟာ မြို့တော်သမိုင်းမှာ အကြီးမားဆုံးမီးလောင်ကျွမ်းမှုဖြစ်တယ်လို့ Cebu အခြေစိုက်သတင်းဌာန The Freeman က ရေးသားထားပါတယ်။ (Archived link)

ဒါအပြင် ဒီမီးလောင်ကျွမ်းမှုကဗီဒီယိုတစ်ခုကိုလည်း သတင်းဌာနရဲ့ တရားဝင် Facebook စာမျက်နှာမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ဖော်ပြခဲ့ပါတယ်။ (Archived link)

အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ GMA News ကလည်း တူညီတဲ့ရုပ်ပုံတွေကို ဒီမီးလောင်ကျွမ်းမှုအကြောင်းသတင်းဖော်ပြချက်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ က ဖော်ပြခဲ့ပါတယ်။ (Archived link)

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ခြေတံရှည်အိမ်တွေရှိတဲ့ ရပ်ကွက်ကို ဒီ Google Street View ဓာတ်ပုံမှာလည်းတွေ့နိုင်ပါတယ်။ (Archived link)

Image
Google Street View ဓာတ်ပုံမှာတွေ့ ရတဲ့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ