ကရင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှု ဓာတ်ပုံဟောင်းတွေကို ၂၀၂၄ ခုနှစ်၊ ရခိုင် ဒုံးပျံပစ်ခတ်တိုက်ခိုက်မှုဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 မတ် 2024 အချိန် 08h52
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပျက်အစီးဓာတ်ပုံတွေလို့ မှားယွင်းပြောဆိုထားတဲ့ ကျေးရွာအဆောက်အအုံအပျက်အစီး ပုံနှစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မှားယွင်းမျှဝေခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံအဟောင်းတွေသာ ဖြစ်ပါတယ်။ 

ပုံတွေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

ပုံတွေနဲ့အတူ အောက်ပါအတိုင်း ရေးသားထားပါတယ်။ 

"Feb 20 တပ်မတော်က ပစ်လိုက်တဲ့ ဒုံးပျံ  အသံကြားတယ် မမြင်လိုက်ရဘူး မီးတန်းကြီး  အသံက ဟီးနေတာဆိုဘဲ မနက်ကျ သွားစပ်စုလိုက်တာ အပစ်ခံလိုက်ရတဲ့ နေရာက ပုံထဲက အတိုင်းဖြစ်သွားတယ်။ ရခိုင်မှာ #1" (မူရင်းအတိုင်း) 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်က ရယူထားတဲ့ Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားပြီးစစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

မြန်မာစစ်တပ်ဟာ ကာလရှည်ကြာတိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ 

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ရပ်တန့်နေခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ရက္ခိုင့်တပ်တော် (AA) က မြန်မာစစ်တပ် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက်မှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ 

ဓာတ်ပုံတွေကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။ 

ပို့စ်မှာပြောဆိုထားသလို ဖေဖော်ဝါရီ ၂၀ ရက်မှာ ရခိုင်ပြည်နယ်ထဲ ဒုံးပျံပစ်ခတ်တိုက်ခိုက်မှု ရှိမရှိကို AFP အနေနဲ့ သီးခြားအတည်မပြုနိုင်ပေမယ့် ပို့စ်ကပုံတွေကတော့ မှားယွင်းမျှဝေထားတဲ့ ပုံအဟောင်းတွေသာ ဖြစ်ပါတယ်။ 

ဓာတ်ပုံဟောင်းများ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီပုံတွေကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ပြည်ပရောက်အစိုးရအဖွဲ့ကို ထောက်ခံလေ့ရှိတဲ့ People's Spring (လူထုနွေဦး) Facebook စာမျက်နှာ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ (archived link)

ဓာတ်ပုံတွေကို "လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး" ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့အတူ ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် အဲဒီဓာတ်ပုံတွေကို လူထုနွေဦးသတင်းဌာန ဝဘ်ဆိုဒ်ပေါ်က သတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားသလို ဒေသတွင်းသတင်းဌာနတွေရဲ့ ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း ၂၀၂၂ ခုနှစ်၊ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့အတူ ဖော်ပြခဲ့ပါတယ်။ (archived links herehere and here)

အောက်မှာ မှားယွင်းတဲ့ပို့စ်က ဓာတ်ပုံတွေ (ဘယ်) နဲ့ လူထုနွေဦး Facebook စာမျက်နှာက ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်က ဓာတ်ပုံတွေ (ဘယ်) နဲ့ လူထုနွေဦး Facebook စာမျက်နှာက ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ် နယ်စပ်မှာ မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေထဲ တရုတ်နိုင်ငံသားတွေပါဝင်မှု ရှိ မရှိ စိစစ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောဆိုခဲ့တဲ့ သတင်းတစ်ပုဒ်ကို AFP က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီဒေသတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုမဖြစ်မီတစ်ရက်အလိုက မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်စလုံးက ပြောဆိုခဲ့ကြပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်