ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုတွေဆိုပြီး ဗီဒီယိုဟောင်းတစ်ခုမှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 အောက်တိုဘာ 2025 အချိန် 10h48
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
"ဘင်္ဂလားစစ်တပ်က ဆန္ဒပြပြည်သူတွေကိုပစ်ခတ်နေတဲ့ရုပ်သံထွက်ပေါ်လာ" (မူရင်းအတိုင်း) ဆိုပြီး စက်တင်ဘာလ ၂၉ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာရေးသားထားပါတယ်။
Guimara ဟာ မြန်မာနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ Chittagong Hill Tracts ဒေသက Khagrachari ခရိုင်မှာတည်ရှိပါတယ်။
စက္ကန့် ၃၀ ကြာဗီဒီယိုထဲမှာ စစ်သားတွေက မြေပြင်ပေါ်လဲလျောင်းနေပြီး အဝေးတစ်နေရာကလူအုပ်ကို သေနတ်တွေနဲ့ ချိန်ရွယ်နေတာကို တွေ့မြင်ရပါတယ်။ ဒါအပြင် နောက်ကွယ်မှာလည်း သေနတ်သံတွေကြားရပါတယ်။
Khagrachari ခရိုင် ဆန္ဒပြပွဲမှာ ပြည်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့တဲ့နောက် တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို မြန်မာလူမှုကွန်ရက်အသုံးပြုသူတွေက အကြိမ်ကြိမ်မျှဝေခဲ့ကြပါတယ်။ (Archived link)
တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဘင်္ဂါလီဒေသခံတွေအကြား မြေယာ၊ သယံဇာတတွေနဲ့ပတ်သက်ပြီး ကာလကြာရှည်စွာ အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ဒေသမှာ ကျောင်းသူတစ်ဦး မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲရာကနေ မငြိမ်မသက်မှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ဗီဒီယိုဟာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဗီဒီယိုဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဗီဒီယိုကရုပ်ပုံတွေသုံးပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိက စကားလုံးတွေနဲ့ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ကာတာအခြေစိုက် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Al Jazeera ရဲ့ YouTube စာမျက်နှာမှာ မျှဝေထားတာကို တွေ့ရပါတယ်။ (Archived link) မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုရဲ့ အစိတ်အပိုင်းကို YouTube ဗီဒီယိုရဲ့ စက္ကန့် ၃၀ အကြာမှာတွေ့နိုင်ပါတယ်။
"ခွဲတမ်းစနစ် ဆန္ဒပြမှုတွေကြား ညမထွက်ရအမိန့် နှင့် အင်တာနက်ပြတ်တောက်မှုတွေက ဘင်္ဂလားဒေရှ့်၏ စီးပွားရေးကို ပိုမိုထိခိုက်စေခဲ့" ဆိုတဲ့ ခေါင်းစဥ်ပါရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ဘင်္ဂလားဒေရှ့်ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုစတင်ခဲ့ပြီး သိန်းနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ၁၅ နှစ်တာသက်တမ်းတစ်လျှောက် အဆိုးရွားဆုံး မငြိမ်မသက်မှု ဖြစ်ခဲ့ပါတယ်။ (Archived link)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ သြဂုတ်လအတွင်း လူပေါင်း ၁,၄၀၀ အထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက ဆိုပါတယ်။ (Archived link)
နောက်ထပ် Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ စစ်သားတွေစီတန်းနေတဲ့ အလားတူဓာတ်ပုံတစ်ပုံကို ဗြိတိန်ဓာတ်ပုံအေဂျင်စီတစ်ခုဖြစ်တဲ့ Alamy က မျှဝေထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က မြို့တော် ဒါကာမှာ ရိုက်ကူးထားတယ်လို့ ဖော်ပြထားပါတယ်။ (Archived link)
Alamy ရဲ့ဓာတ်ပုံနဲ့ Al Jazeera ရဲ့ ဗီဒီယိုမှာပါတဲ့ ဆိုင်ခန်းတွေနဲ့ အဆောက်အအုံတွေဟာ Google Street View မှာတွေ့ရတဲ့ ဒါကာမြို့ရဲ့ လူနေရပ်ကွက်နဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါကာမြို့ဟာ Khagrachari နဲ့ ၁၈၀ ကီလိုမီတာ (၁၁၂ မိုင်) အကွာမှာတည်ရှိပါတယ်။ (Archived link)
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်