အင်ဒိုနီးရှားက အပန်းဖြေဥယျာဥ်ဖြိုချမှုဗီဒီယိုကို တရုတ်နိုင်ငံက ဗလီဖျက်ဆီးမှုတွေဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 အောက်တိုဘာ 2025 အချိန် 10h05
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

တရုတ်နိုင်ငံထဲက မွတ်စလင်လူနည်းစုနဲ့ ဘာသာရေးဆိုင်ရာနေရာတွေအပေါ် ကန့်သတ်မှုတွေကြောင့် တရုတ်အစိုးရဟာ နိုင်ငံတကာရဲ့ ရှုတ်ချဝေဖန်မှုတွေကို ကာလအတော်ကြာ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဘူဒိုဇာတစ်စီးက ဗလီနဲ့ဆင်တူတဲ့ အဆောက်အအုံတစ်ခုကို ဖြိုချနေတဲ့ဗီဒီယိုဟာ ဘေဂျင်းအစိုးရရဲ့ ဗလီဖြိုခွင်းမှုတွေမဟုတ်ပါဘူး။ တကယ်တော့ ဒီဗီဒီယိုဟာ အင်ဒိုနီးရှားနိုင်ငံက အပန်းဖြေဥယျာဥ်တစ်ခုက တရားမဝင်အဆောက်အအုံတစ်ခု ဖြိုချခံရတဲ့ဗီဒီယိုသာဖြစ်ပါတယ်။  

"တရုတ်အစိုးရက အစ္စလာမ်ဘာသာကို စိတ်ရောဂါတစ်ခုအဖြစ်သတ်မှတ်ကြေညာခဲ့တယ်" လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စာသားနဲ့ TikTok ဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှာ မျှဝေထားပါတယ်။  

၄၅ စက္ကန့်ကြာဗီဒီယိုထဲမှာ ဘူဒိုဇာ ခေါ် မြေကော်စက်တစ်စင်းက ဗလီနဲ့ဆင်တဲ့ အဆောက်အအုံတစ်ခုကို ဖြိုချနေတာတွေ့ရပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

အကြမ်းဖက်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ အတင်းအကြပ်လုပ်အားပေးခိုင်းစေမှု၊ နိုင်ငံရေးအယူဝါဒရိုက်သွင်းမှုနဲ့ အခြားအလွဲသုံးစားလုပ်ဆောင်မှုတွေ ပေါများတဲ့ ရှင်ကျန်းဒေသက ထိန်းသိမ်းရေးစခန်းကွန်ရက်တွေမှာ တရုတ်အစိုးရက ယူဂါ အများစုဖြစ်ကြတဲ့ မွတ်စလင်လူမျိုး ၁ သန်းကျော်ကို ထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ (Archived link

ဘေဂျင်းဘက်က ဒီစွပ်စွဲပြောဆိုချက်တွေကို ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ပြီး ဒီစခန်းတွေဟာ ဆန္ဒအလျောက်တက်ရောက်ကြတဲ့ လေ့ကျင့်ရေးစင်တာတွေသာဖြစ်ပြီး တက်ရောက်သူတွေ "သင်တန်းအောင်မြင်" ခဲ့တဲ့နောက်မှာ ပြန်လည်ပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။  

တရုတ်အစိုးရဟာ "ဗလီစုစည်းမှု" ခေါင်းစဥ်နဲ့အတူ မွတ်စလင်လူမျိုးအများအပြားနေထိုင်ကြတဲ့ Ningxia နဲ့ Gansu ပြည်နယ်တွေမှာရှိတဲ့ ဗလီတွေကို လျှော့ချခဲ့တယ်လို့ Human Rights Watch ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ (Archived link

ဗလီပုံစံရှိတဲ့အဆောက်အအုံတစ်ခုဖြိုချမှုဗီဒီယိုဟာ တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့အတူ မတ်လကတည်းကပျံ့နှံ့ခဲ့ပြီး အောက်တိုဘာလထဲမှာ အင်္ဂလိပ်ပေါ်တူဂီဂရိအပြင် မြန်မာဘာသာနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။ 

အိန္ဒိယက ဗလီတစ်ခုကိုဖြိုချခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အင်ဒိုနီးရှားက အပန်းဖြေဥယျာဥ်မှာရှိတဲ့ အဆောက်အအုံတစ်ခုဖြိုချခံရတဲ့ ဗီဒီယိုဖြစ်ပါတယ်။  

ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ အရည်အသွေးပိုမိုကောင်းမွန်တဲ့ TikTok ဗီဒီယို ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်က မျှဝေထားတာတွေ့ရပါတယ်။  

"Puncak Bogor က ခရီးသွားဧည့်သည်တွေကြားရေပန်းစားတဲ့ Hibisc ဥယျာဥ်ဖြိုချမှု ဒုတိယနေ့" ဆိုပြီး အင်ဒိုနီးရှားဘာသာစကားနဲ့ စာသားဖော်ပြထားပါတယ်။  

ဒါအပြင် ဒီအဆောက်အအုံဟာ ဗလီမဟုတ်ဘဲ အိန္ဒိယဗိသုကာအဆောက်အအုံပုံစံဖန်တီးထားတဲ့ ဥယျာဥ်ထဲက အဆောက်အအုံဖြစ်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ရှင်းလင်းထားပါတယ်။  

Image
Screenshot comparison of the false post (L) to the original TikTok video မှားယွင်းပို့စ်ရဲ့ Screenshot (ဘယ်) ကို မူရင်း TikTok ဗီဒီယို နဲ့ နှိုင်းယှဥ်

Hibisc Fantasy Park ဟာ အင်ဒိုနီးရှားနိုင်ငံက အနောက်ဂျာဗားပြည်နယ်ရဲ့ တောင်တန်းဒေသ Puncak မှာရှိတဲ့ အပန်းဖြေဥယျာဥ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လထဲမှာ ပိတ်သိမ်းခံခဲ့ရပါတယ်။  

လက်ရှိအွန်လိုင်းပေါ်ကဖြုတ်ချထားတဲ့ ပိုမိုရှည်လျားတဲ့ ဖြိုဖျက်မှုဗီဒီယိုကိုလည်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။  

၂၀၂၅ ခုနှစ်၊ မတ်လအစောပိုင်းမှာ ရေကြီးမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး Hibisc Fantasy Park ထဲက တရားမဝင်တဲ့အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးဖို့ အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှုး Dedi Mulyadi က ညွှန်ကြားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ (Archived here and here)

ဒီဥယျာဥ်တိုးချဲ့ဆောက်လုပ်မှုတွေက အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့သဘာဝသစ်တောတွေကို ထိခိုက်စေခဲ့ပြီး ရေကြီးမှုတွေဖြစ်ပွားစေခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုးကပြောခဲ့ပါတယ်။  

Google Maps မှာမှတ်တမ်းတင်ထားတဲ့ အင်ဒိုနီးရှား အပန်းဖြေဥယျာဥ်ရဲ့ ဓာတ်ပုံတွေက မှားယွင်းပို့စ်က ဗီဒီယိုမှာတွေ့ရတဲ့ အဆောက်အအုံတွေနဲ့ ကိုက်ညီနေပါတယ်။  

Image
TikTok ဗီဒီယိုထဲကအဆောက်အအုံ (ဘယ်) ကို Google Maps က အပန်းဖြေဥယျာဥ်ဓာတ်ပုံနဲ့ နှိုင်းယှဥ်ပြီး တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်