ရှမ်းပြည်နယ်မှာ မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားဆိုပြီး ရခိုင်က ဓာတ်ပုံဟောင်း မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 အောက်တိုဘာ 2025 အချိန် 10h09
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းပေါ်က သီပေါမြို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေလက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အရေးပါတဲ့ တံတားတစ်စင်းကျိုးကျပျက်စီးခဲ့တယ်ဆိုပြီး အွန်လိုင်းပို့စ်တွေက မှားယွင်းမျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပို့စ်တွေထဲကဓာတ်ပုံဟာ ကီလိုမီတာရာနဲ့ချီဝေးကွာတဲ့ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်က တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ တံတားတစ်စင်းသာဖြစ်ပါတယ်။

"သီပေါမြို့မှနမ္မတူနဲ့နမ့်ဆန်မြို့ဖက်ဆက်သွယ်ထားတဲ့မိုးတေတံတားကိုTNLAအဖွဲ့မိုင်းခွဲဖျက်ဆီးထွက်ပြေး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

TNLA ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ဆိုလိုတာဖြစ်ပြီး သီပေါ၊ နမ္မတူနဲ့ နမ့်ဆန်မြို့တွေဟာ ရှမ်းပြည်နယ်ထဲက လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့တွေဖြစ်ပါတယ်။  

ဒီပို့စ်တွေမှာ ကျိုးကျနေတဲ့တံတားတစ်စင်းကို တွေ့ရပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်ကို ကုန်စည်တင်သွင်းရာမှာ အရေးပါတဲ့ အဝေးပြေးလမ်းမပေါ်က သီပေါမြို့ကို ထိန်းချုပ်နိုင်ရေး စစ်တပ်နဲ့ TNLA တပ်ဖွဲ့ကြားတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ ဒီဓာတ်ပုံဟာ X နဲ့ TikTok မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၆ ရက်မှာ သီပေါမြို့ကို မြန်မာ့စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်လို့ အစိုးရပိုင်သတင်းစာဖြစ်တဲ့ Global New Light of Myanmar က ဖော်ပြထားပါတယ်။ (Archived link)

ဒါပေမဲ့ သီပေါမြို့ထိန်းချုပ်ရေးတိုက်ပွဲအတွင်း မိုးတေတံတားဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့ တရားဝင်ဖော်ပြချက်တွေမရှိခဲ့ပါဘူး။  

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်က မိုးတေတံတားဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပြီးနောက် ဒီပို့စ်ကိုပြန်လည်ဖြုတ်ချခဲ့ပါတယ်။ "သျှမ်းပြည် သီပေါမြို့နယ်အတွင်း တည်ရှိသော အဆိုပါ မိုးတေတံတားကို ပြန်လည်စိစစ်လိုက်သည်မှာ အမှန်တကယ် ကျိုးကျပျက်စီးခြင်း မရှိဘဲ ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဖျက်ဆီးခံထားရသော တံတားဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်" ဆိုပြီး အောက်တိုဘာလ ၈ ရက်က အမှားပြင်ဆင်ချက်ပို့စ်မှာ ဖော်ပြထားပါတယ်။ (Archived link

အောက်တိုဘာလ ၁၃ ရက်နေ့အထိ မိုးတေတံတားကျိုးကျပျက်စီးမှုမရှိကြောင်း သီပေါဒေသခံတစ်ဦးက AFP ကို ပြောပါတယ်။  

Google ဓာတ်ပုံရာဇဝင်ရှာဖွေမှုနဲ့ ဒီဓာတ်ပုံရဲ့မူလအရင်းအမြစ်ကို ရှာဖွေမတွေ့ရှိခဲ့ဘူး။ ဒါပေမဲ့ အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေတဲ့အခါ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှာ ဧရာဝတီသတင်းဆောင်းပါးက ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ဆင်တူနေတာတွေ့ရပါတယ်။ (Archived link

မိုးတေတံတားနဲ့ ကီလိုမီတာ ၆၀၀ ကျော် (မိုင် ၃၇၀) အဝေးမှာရှိတဲ့ ရခိုင်ပြည်နယ်ထဲက ကျိန္တလီချောင်းတံတားဖြစ်ကြောင်း ဖော်ပြထားပြီး စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။  

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အရပ်သားအစိုးကိုဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့တဲ့နောက် ဒီမိုကရေစီလိုလားတဲ့ ဆန့်ကျင်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့ပါတယ်။ 

Image
မှားယွင်းပို့စ်ကဓာတ်ပုံ (ဘယ်) ကို Irrawaddy ဝဘ်ဆိုဒ်ကဓာတ်ပုံနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီဓာတ်ပုံဟာ မြန်မာစစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့ကြောင်း ဧရာဝတီဆောင်းပါးမှာဖော်ပြထားပါတယ်။ (Archived link)

Google Maps မှာ တွေ့ရတဲ့ ကျိန္တလီချောင်းတံတားရဲ့ဓာတ်ပုံကို မှားယွင်းပို့စ်က ဓာတ်ပုံနဲ့နှိုင်းယှဥ်ပြီး တည်နေရာကို AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)  

Image
မှားယွင်းပို့စ်ကဓာတ်ပုံ (ဘယ်) ကို Google Maps က ကျိန္တလီချောင်းတံတားရဲ့ဓာတ်ပုံနဲ့ နှိုင်းယှဥ်ပြီး တူညီချက်တွေကို AFP က အမှတ်အသားပြုလုပ်ထား

မြန်မာနိုင်ငံမတည်ငြိမ်မှုနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်