နာနတ်သီးပြုတ်ရည်သောက်ပြီး ကျောက်ကပ်ရောဂါကို ကုသပျောက်ကင်းနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကျွမ်းကျင်သူတွေဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 ဇူလိုင် 2024 အချိန် 10h13
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ကျောက်ကပ်ဝေဒနာ ကိုယ်တိုင်ပျောက်ကင်းခဲ့တဲ့ဆေး ကိုယ်တွေ့မို့ တန်ဖိုးရှိပါတယ်ဖတ်ပါ လူပေါင်း ၅၀ ကျော် ကို မျှဝေခဲ့ရာ အကုန်လုံး သက်သာပျောက်ကင်း ခဲ့ပါသဖြင့် တင်ပြပေးခြင်းဖြစ်ပါသည်"(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားတဲ့ ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
ရှည်ရှည်လျားလျားရေးသားထားတဲ့ ပို့စ်မှာ နာနတ်သီးတစ်လုံးကို ရေနဲ့ သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး ရလာတဲ့အရည်ကို သောက်ဖို့ အကြံပြုထားပါတယ်။ အဲဒီပို့စ်ကို အကြိမ်ရေ ၁,၀၀၀ ကျော် မျှဝေထားကြပါတယ်။
ပို့စ်မှာ "ကျောက်ကပ်ခြစ်ထားသူ/ဆေ:ထားသူများဇွန်းဖြင့် သောက်နိုင်သမျှ တဖြေးဖြေးသောက်ပါ။***ကျန် ဝေဒနာသည်များ အအေးခံအရည်ကို တနာရီဝန်းကျင်အတွင်းကုန်အောင်သောက်ပေးပါ။နာနတ်သီးတလုံး တခါပြုတ်ရည် တကြိမ်သာလျင် သောက်ပါက လုံလောက်ပါသည်။...ကျနော်ကိုယ်တိုင် တကိုယ်လုံးဖေါရောင် ဆီးထဲ သွေ:ပါ သည်အထိ ခံစားရပြီး ဓါတ်မှန်တွင် ကျောက်ကပ်ထိထားသည့်အဖြေ ရရှိထားသူကိုယ်တိုင်ပျောက်ကင်းခဲ့သည့် ဆေ:နည်းဖြစ်ပါသည်။"(မူရင်းအတိုင်း) ဆိုပြီး ဆက်ရေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာသိမ်းမှုအပေါ်ဆန့်ကျင်တဲ့အနေနဲ့ ထောင်ချီတဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အပေါ် သပိတ်မှောက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။
ယခုနှစ်၊ ဇူလိုင်လမှာလည်း အရေးပေါ်ကြေညာထားတဲ့ကာလကို ခြောက်လသက်တမ်းတိုးခဲ့တဲ့ သတင်းကို AFP က ဖော်ပြထားပါတယ်။
မှားယွင်းတဲ့ပို့စ်တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အလားတူပို့စ်တွေဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။
သိပ္ပံနည်းကျအထောက်အထားမရှိ
နာနတ်သီးပြုတ်ရည်သောက်ပြီး ကျောက်ကပ်ရောဂါကို ကုသ ပျောက်ကင်းနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
"အဲဒီအဆို မှန်ကန်ကြောင်း အတည်ပြုနိုင်တဲ့ သိပ္ပံနည်းကျအထောက်အထား တစုံတရာမရှိပါဘူး"လို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို ပြောပါတယ်။ (Archived link)
"ကျောက်ကပ်ပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပျက်စီးမှုကို အချိန်ဆွဲထားနိုင်ပါတယ်။ ကျောက်ကပ်ကို ပျက်စီးစေတဲ့အကြောင်းတရားတွေ ဖြစ်တဲ့ ဆီးချိုနဲ့သွေးတိုးရောဂါတွေကို ထိန်းသိမ်းပြီး ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ပါတယ်" လို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က AFP ကို အီးမေးလ်ကနေတဆင့် ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ Country Manager ဒေါက်တာ သူရိန်လှိုင်ဝင်းကလည်း "နာနတ်သီးမှာ အာဟာရဓာတ်နဲ့ ရေဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်တဲ့အတွက် ကျောက်ကပ်အတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ အဲဒါက ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။ (Archived link)
ရေလုံလုံလောက်လောက်သောက်ပေးတာ၊ ဆရာဝန်တွေက ညွှန်ကြားထားတဲ့ ကုသနည်းတွေကို လိုက်နာတာက ကျောက်ကပ်ရောဂါနဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
"အစားအစာတွေက ကျန်းမာရေးအတွက်ကောင်းပြီး အဟာရပြည့်ဝစေပါတယ်။ ဒါပေမဲ့ ရောဂါတွေကို မကုသပေးနိုင်ပါဘူး" လို့ သူက ဆိုပါတယ်။
ကျောက်ကပ်ရောဂါကုသနည်းအဖြစ် အခြေအမြစ်မရှိ ပြောဆိုထားတဲ့ တခြားပို့စ်တွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်