လောက်ကိုင်မြို့ဗုံးကြဲခံရမှုကဆိုပြီး ထိုင်ဝမ်စက်ရုံမီးလောင်ကျွမ်းမှုဗီဒီယို မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2024 အချိန် 10h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကဆိုပြီး ထိုင်ဝမ်တောင်ပိုင်းက စက်ရုံတစ်ရုံ မီးလောင်မှုဗီဒီယိုကို အင်တာနက်လူမှုကွန်ရက်ပေါ်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ထိုင်ဝမ်ဒေသတွင်းသတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ ထိုင်နန်ပြည်နယ် စက်မှုဇုံတစ်ခုက မီးလောင်ကျွမ်းမှုဖြစ်စဥ်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။  

"တတိယအကြိမ် အကြိတ်ခံရသော လောက်ကိုင် လက်နက်/ခဲယမ်းလိုလှောင်ရုံ ပေါက်ကွဲ ဟုသိရ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ရဲ့ ထိန်းချုပ်မှုအောက်ရောက်ရှိခဲ့တဲ့ တရုတ်နယ်စစ်က လောက်ကိုင်မြို့ကို မြန်မာ့စစ်တပ်က ဇူလိုင်လထဲမှာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ (Archived link)

သြဂုတ်လ ၂ ရက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့က ဆေးရုံတစ်ရုံထိခိုက်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ (Archived link)

အဝေးတစ်နေရာက မီးလောင်မှုတစ်ခုကြောင့် ကောင်းကင်ကို ကြီးမားတဲ့အနက်ရောင်မီးခိုးငွေ့တွေ လွင့်မျောနေတာကိုတွေ့ရတဲ့ စက္ကန့် ၃၀ ကြာ ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်နဲ့အတူ တွေ့ရပါတယ်။ 

ဒါအပြင် အမျိုးသားတစ်ယောက်က "ဒါ လောက်ကိုင် လောက်ကိုင်။ လေယာဥ်ဗုံးနဲ့ပစ်ချခံရပြီး" ဆိုပြီး ပြောဆိုနေတာကိုလည်း ဗီဒီယိုထဲမှာ ကြားရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ စာသားကိုလည်း ဗီဒီယိုထဲမှာ ထည့်သွင်းရေးသားထားပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်မှာ ရယူထားတဲ့ မှားယွင်းပြောဆိုထားတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်  မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ 

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို YouTube နဲ့ TikTok တွေမှာလည်းမျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုဟာ ထိုင်ဝမ်တောင်ပိုင်းက စက်ရုံတစ်ရုံမီးလောင်မှုတစ်ခုကဖြစ်ပြီး ဗီဒီယိုထဲ အသံဖိုင်ကို ထည့်သွင်းတည်းဖြတ်ထားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်စက်ရုံ ပေါက်ကွဲမှု  

ဗီဒီယိုကရုပ်ပုံတွေနဲ့ Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က မျှဝေထားတဲ့ ပိုမိုကြာမြင့်တဲ့ ဒီ TikTok ဗီဒီယိုကို တွေရှိခဲ့ပါတယ်။ (Archived link)

"ထိုင်ဝမ် မီးလောင်နေပြီ" ဆိုတဲ့ အင်ဒိုနီးရှားဘာသာစကားနဲ့ စာသားလည်းပါရှိပါတယ်။ 

@ardian5634 Taiwan menyala #fyp#kebakaran#taiwan#berduka♬ suara asli - Take ♂️

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ် (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
မှားယွင်းပြောဆိုထားတဲ့ပို့စ် (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီမူရင်းဗီဒီယိုမှာ နောက်ခံစကားပြောတဲ့အသံ မပါရှိပါဘူး။  

အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်ရာမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က ထိုင်ဝမ်တောင်ပိုင်း တိုင်နန်မြို့ စက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားတဲ့ Taiwan News ရဲ့ ဗီဒီယိုဆောင်းပါးကို တွေ့ရှိခဲ့ပါတယ်။ (Archived link)

TikTok ဗီဒီယိုမှာတွေ့ရတဲ့ တရုတ်ဘုရားကျောင်းနဲ့ အပြာရောင်ရေစင်ကြီးတစ်ခုကိုလည်း ဒရုန်းနဲ့ရိုက်ကူးထားတဲ့ Taiwan News ရဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

တိုင်နန်မြို့က ShanShang စက်မှုဇုံ မီးလောင်ကျွမ်းမှုမှာ စက်ရုံအလုပ်သမားအားလုံး ဘေးကင်းရာကို ပြောင်းရွှေ့နိုင်ခဲ့ပြီး တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ Taiwan News ရဲ့ နောက်ထပ်ဆောင်းပါတစ်ခုမှာ ဖော်ပြထားပါတယ်။ (Archived link)

TikTok ဗီဒီယိုထဲမှာတွေ့ရတဲ့ Guang Eou အလူမီနီယံစက်ရုံဆိုင်းဘုတ်နဲ့ အနီရောင်ဘုရားကျောင်း စတဲ့ တူညီတဲ့ အင်္ဂါရပ်တွေ Google Maps Street View ဒီဓာတ်ပုံမှာ  ပါရှိနေတာတွေ့ရပါတယ်။ (archived link)

အောက်မှာ TikTok ဗီဒီယိုထဲက ရုပ်ပုံ (ဘယ်) ကို Google Street View ဓာတ်ပုံ (ညာ) နဲ့ တူညီမှုတွေကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။  

Image
TikTok ဗီဒီယိုထဲက ရုပ်ပုံ (ဘယ်) ကို Google Street View ဓာတ်ပုံ (ညာ) နဲ့ တူညီမှုတွေကို နှိုင်းယှဥ်ထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်