Samsung က ၂၀၂၄ ပါရီအိုလံပစ်အတွက် ငွေကြေးထောက်ပံ့မှုကို ရုတ်သိမ်းခြင်းမရှိ

ပါရီအိုလံပစ်ဖွင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေ တအုံနွေးနွေးဖြစ်နေချိန် လူမှုကွန်ရက်တွေမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsungက သူတို့ရဲ့ 'နိုင်ငံရေးဆိုင်ရာလှုံ့ဆော်ခြင်းအစီအစဉ်' ကြောင့် အိုလံပစ်ကစားပွဲနဲ့ သဘောတူထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကြော်ငြာစာချုပ်တစ်ခုကို ရုတ်သိမ်းခဲ့တယ်လို့  မှားယွင်းပြောဆိုနေကြပါတယ်။ Samsung ကငြင်းဆိုထားပြီး ခိုင်လုံမှုမရှိတဲ့ အဲ့ဒီပြောဆိုမှုတွေကတော့ ဟာသဝဘ်ဆိုဒ်တွေက အရင်းခံလာတာပဲ ဖြစ်ပါတယ်။  

"SAMSUNG က ၂၀၂၄ ပဲရစ် အိုလံပစ် မှာ ကြော်ငြာအတွက် $ ၁ ဘီလျံ ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သတင်းတွေပျံ့နံ့နေပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

Image
မှားယွင်းတဲ့ Facebook ပို့စ် ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ရိုက်ယူထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ ပါရီအိုလံပစ်ဖွင့်ပွဲအခမ်းအနားက သရုပ်ဖော်မှုတစ်ခုဟာ "ခရစ်ယာန်ဘာသာကို ကဲ့ရဲ့ သရော်လှောင်ပြောင်မှုဖြစ်တယ်" လို့ အချို့ ကက်သလစ်ဘာသာရေးအဖွဲ့တွေနဲ့  ပြင်သစ်ဘုန်းတော်ကြီးတွေက ဝေဖန်ပြောဆိုခဲ့တဲ့နောက် ဒီမှားယွင်းပြောဆိုမှုတွေဟာ  စပိန် ရိုမေးနီးယား အပြင် အခြားဘာသာတွေနဲ့လည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ (Archived link)

ဘာသာရေးကျမ်းစာတွေမှာပါတဲ့ ယေရှုခရစ်တော်ရဲ့ တမန်တော်တွေနဲ့အတူ နောက်ဆုံးအကြိမ်အဖြစ် စားသောက်ခဲ့တဲ့ 'နောက်ဆုံးညစာ' ကို ဖော်ပြခဲ့တယ်ဆိုပြီး ကပြဖျော်ဖြေသူတွေ၊ အမျိုးသမီးလိုဝတ်စားဆင်ယင်ထားတဲ့ အမျိုးသားကခြေသည်တွေနဲ့ လျှပ်စစ်တီးဝိုင်းတွေပါဝင်တဲ့ ကပြဖျော်ဖြေမှုတစ်ခုကို ဝေဖန်ရေးသမားတွေက ပစ်မှတ်ထားပြောဆိုခဲ့ကြပါတယ်။  

အခမ်းအနားပြဇာတ်ဒါရိုက်တာThomas Jolly က မိုးသည်းထန်စွာရွာသွန်းနေတဲ့အချိန် စိန်းမြစ်ကမ်းဘေး ပြသခဲ့တဲ့ သူ့ရဲ့လေးနာရီနီးပါးကြာအခမ်းအနားက ပြကွက်ဟာ 'နောက်ဆုံးညစာ' ကို မှီငြမ်းထားတာ မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပါတယ်။ 

ပွဲစီစဉ်သူတွေကလည်း ဘာသာရေးကိုထိခိုက်စော်ကားလိုစိတ် အလျင်းမရှိသလို၊ သူတို့ရဲ့ပြောင်မြောက်ထူးခြားတဲ့ ဖွင့်ပွဲအခမ်းအနားကြောင့် တစ်စုံတစ်ရာထိခိုက်နစ်နာမှုရှိခဲ့ပါက အနူးအညွှတ်တောင်းပန်ကြောင်းလည်း ပြောကြားထားပါတယ်။ 

၁၉၉၈ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆိုးလ်အားကစားပွဲတော်ကတည်းက အိုလံပစ်ပြိုင်ပွဲအတွက် Samsung က ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ကလည်းတောင်ကိုရီးယားကုမ္ပဏီဟာ သူတို့ရဲ့ "ကမ္ဘာ့မိတ်ဖက်" အဖြစ်၂၀၂၈ ခုနှစ်အထိဖော်ပြခဲ့ပါတယ်။ (Archived link)

သရော်စာ ဆောင်းပါး 

လူမှုကွန်ရက်အသုံးပြုသူအများအပြားက Samsung အနေနဲ့ သူတို့ရဲ့အိုလံပစ်ပွဲတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းကို စွန့်လွှတ်လိုက်တယ်လို့ ယုံကြည်နေပုံရပါတယ်။ 

"Samsung အရမ်းအားပေးနေဒါ ဟုတ်တယ် အခုပိုအားပေးတော့မယ်" (မူရင်းအတိုင်း) ဟုလူတစ်ယောက်ကမှတ်ချက်ပြုခဲ့ပါတယ်။  

"သခင်ခရစ်တော်အတွက် ရဲရဲရင့်ရင့် ရပ်တည်ရဲတဲ့ Samsung ဒီထက်မက အောင်မြင်မူ ဘုရားရှင် ပေးပါစေ" (မူရင်းအတိုင်း) လို့အခြား Facebook အသုံးပြုသူတစ်ဦးကရေးသားထားခဲ့ပါတယ်။ 

"ဘာပဲဖြစ်ဖြစ် Samsung ကို ဘုရားသခင် အောင်မြင်မူ ဒီထက်မက ပေးပါစေ" (မူရင်းအတိုင်း) လို့အခြားတစ်ယောက်ကဆိုပါတယ်။ 

ဒါပေမဲ့ ဒီခိုင်လုံမှုမရှိတဲ့ ပြောဆိုမှုတွေကို Esspots နှင့်SpaceXMania လို့ခေါ်တဲ့ ဟာသဝဘ်ဆိုဒ် တွေကနေပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ရက်မှာ 'သရော်စာ' ခေါင်းစီးအောက်က ဖော်ပြခဲ့ကြပါတယ်။  

Image
Esspots ရဲ့ ဆောင်းပါးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက် က ရိုက်ယူထားတဲ့ Screenshot မှာ AFP က သရော်စာကို အနီရောင်နဲ့ အမှတ်အသားပြုလုပ်ထား
Image
SpaceXMania ၏ ဆောင်းပါးကို ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၂ ရက် က ရိုက်ယူထားတဲ့ Screenshot မှာ AFP က သရော်စာကို အနီရောင်နဲ့ အမှတ်အသားပြုလုပ်ထား

သရော်စာဆောင်းပါးတွေကိုလည်း ဖော်ပြလေ့ရှိကြောင်း ဒီဝဘ်ဆိုဒ်တွေမှာ သတိပေးဖော်ပြထားကြပြီး SpaceXMania က သူတို့ရဲ့ 'သရော်စာ' ဆောင်းပါးတွေဟာ "များသောအားဖြင့် လုံးဝလုပ်ကြံရေးသားမှုတွေ" ဖြစ်တယ်လို့ ဆိုထားပါတယ်။  (Archived link)

"ကျွန်တော်တို့ရဲ့ စာရေးသူတွေနဲ့ တည်းဖြတ်သူအဖွဲ့က  ဟာသနဲ့သရော်စာ အမြောက်အများပါရှိတဲ့ နောက်ဆုံးပေါ် အကောင်းဆုံးသတင်းတုများနဲ့ အဓိပ္ပါယ်မဲ့သောအကြောင်းအရာတွေကို သင့်ထံအရောက် ယူဆောင်လာပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်" လို့  Essports မှာ ဖော်ပြထားပါတယ်။    (Archived link)

တစ်ချိန်တည်းမှာပဲ ပြင်သစ်နဲ့ တောင်ကိုရီးယားက  Samsung ကိုယ်စားလှယ်တွေကလည်း အိုလံပစ်ပွဲတော်နဲ့ တွဲဖက်လုပ်ကိုင်တာတွေကို ဖျက်သိမ်းခြင်းမရှိကြောင်း အတည်ပြုခဲ့ပါတယ်။  

"ဒီထုတ်ပြန်ချက်ကလွဲမှားနေပါတယ်။ ကျွန်တော်တို့က ပါရီ၂၀၂၄ အိုလံပစ်နဲ့ လက်တွဲနေတုန်းပါပဲ" လို့ Samsung ရဲ့  ပြင်သစ်ကိုယ်စားလှယ်တစ်ဦးက AFP ကို  ၂၀၂၄ ခုနှစ်၊သြဂုတ် ရက်မှာ ပြောကြားခဲ့ပါတယ်။ 

Samsung က "နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ကတိကဝတ်တွေကို Los Angeles ၂၀၂၈ အထိဂုဏ်ယူစွာ ထိန်းသိမ်းသွားမယ်လို့" သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ 

"ဒီပြောဆိုမှုဟာမှားယွင်းပါတယ်" လို့တောင်ကိုရီးယားနိုင်ငံက Samsung Electronics ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း AFP ကိုပြောပါတယ်။  

ဒါ့အပြင် Samsung ကုမ္ပဏီက ပါရီ၂၀၂၄အိုလံပစ်အားကစားပြိုင်ပွဲ တရားဝင်စတင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အိုလံပစ်စကိတ်ပြိုင်ပွဲနဲ့ Break dance ပြိုင်ပွဲကျင်းပတဲ့နေရာအနီးရှိ  Marigny Square မှာ အရောင်းမြှင့်တင်ရေးနေရာတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။  (Archived link)

အိုလံပစ်ဆုတံဆိပ်ပိုင်ရှင်အားကစားသမားတွေက Samsung ဖုန်းတွေနဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပြီး အားကစားသမားတွေရဲ့ အောင်မြင်မှုတွေကို 'အောင်ပွဲခံဓာတ်ပုံတွေ' အဖြစ်နဲ့ Samsung ရဲ့ X account ကလည်း မျှဝေထားပါတယ်။  (Archived link)

AFP အနေနဲ့ ပါရီအိုလံပစ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ