ကွန်မြူနစ်ပါတီအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် လေဖြတ်ခဲ့တယ်ဆိုတဲ့ ဓာတ်ပုံမှား ပျံ့နှံ့

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့  တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအစည်းအဝေးမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် လေဖြတ်ခဲ့တယ်လို့ မှားယွင်း ပြောဆိုထားတဲ့ ဓာတ်ပုံနှစ်ပုံကို Facebook ပို့စ် တော်တော်များများမှာ မျှဝေထားကြပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့လတွေအကြာက အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ တရုတ်သမ္မတ လေဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်မျိုး တရားဝင်ထုတ်ပြန်တာ မတွေ့ရပါဘူး။ 

အဲဒီဓာတ်ပုံတွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာဖြစ်ပြီး အကြိမ်ရေ ၁၇၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ 

ပုံတွေနဲ့အတူ "သတင်းဟာ အတည်မပြုနိုင်သော်လည်း ဆိုရှယ်မီဒီယာမှာ ကျယ်လောင်နေတယ်။ Ccp အစည်းအဝေးတခုမှာ ရှီ လေဖြတ်ရောဂါ ဖြစ်ခဲ့ကြောင်း။"(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ အရေးကြီးအစည်းအဝေးတစ်ခုဖြစ်တဲ့ ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးကို   အဲဒီရက်သတ္တပတ်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပခဲ့ပြီး စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ 

ဓာတ်ပုံတစ်ပုံထဲမှာ သမ္မတရှီဟာ ရှေ့ကိုအနည်းငယ်ကိုင်းညွှတ်ပြီး မျက်စိတွေကို တင်းတင်းမှိတ်ထားတာ တွေ့ရပါတယ်။  

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က ရိုက်ယူထားတဲ့ Screenshot

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတရှီရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့  အွန်လိုင်းလူမှုကွန်ရက်တွေမှာ အမြဲတမ်းလိုလို ထင်ကြေးပေးပြောဆိုလေ့ ရှိကြပါတယ်။ မှားယွင်းတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဓာတ်ပုံဟာ ကမ္ဘာတစ်လွှားကို အချိန်တိုအတွင်း ပျံ့နှံ့ခဲ့ပြီး အမေရိကန်အင်ဒိုနီးရှားနယ်သာလန်စတဲ့နိုင်ငံတွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

မြန်မာဘာသာစကားနဲ့လည်း Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေထားကြပါတယ်။

ဒါပေမဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တကယ်တမ်း အဲဒီပုံတွေဟာ လွန်ခဲ့တဲ့ လေးလလောက်ကတည်းက တရုတ်ပြည်ကွန်မြူနစ်ပါတီ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) မျက်နှာစုံညီအစည်းအဝေးမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ 

 သမ္မတရှီအပါအဝင် နိုင်ငံတဝှန်းက ထောင်နဲ့ချီတဲ့ကိုယ်စားလှယ်တွေဟာ အဓိကမျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို အမျိုးသားပြည်သူ့ကွန်ဂရက်မှာ Reuters သတင်းဌာနက  ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ (archived link)

ဓာတ်ပုံရဲ့အညွှန်းစာမှာ "၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့က ပြည်သူ့ခန်းမတွင် ကျင်းပသည့် အမျိုးသားပြည်သူကွန်ဂရက် (NPC) အစည်းအဝေး အခမ်းအနားပိတ်ပွဲတွင် ခွက်တစ်ခွက်ကို သောက်နေသည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် REUTERS/Tingshu Wang" ဆိုပြီး ရေးသားထားပါတယ်။

မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ပထမပုံ (ဘယ်) နဲ့ Reuters သတင်းဌာနက ဖော်ပြခဲ့တဲ့ပုံ (ညာ) ကိုအောက်မှာ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ပထမပုံ (ဘယ်) နဲ့ Reuters သတင်းဌာနက ဖော်ပြခဲ့တဲ့ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

ဒုတိယဓာတ်ပုံကို The Associated Press (AP) သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပြီး အညွှန်းစာမှာ "၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်၊ တနင်္လာနေ့က ပေကျင်းမြို့၊ The Great Hall ခန်းမတွင် ကျင်းပသည့် အမျိုးသားပြည်သူ့ကွန်ဂရက်၊ အခမ်းအနားပိတ်ပွဲတွင် ခွက်တစ်ခွက်ကို သောက်ပြီးနောက်တွေ့ရသည့် သမ္မတရှီကျင့်ဖျင်၏ မျက်နှာအမူအရာ" ဆိုပြီး ရေးသားထားပါတယ်။ (archived link)

မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ဒုတိယပုံ (ဘယ်) နဲ့  AP သတင်းဌာနက ဖော်ပြခဲ့တဲ့ပုံ (ညာ) ကိုအောက်မှာ နှိုင်းယှဉ်ဖော်ပြထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ဒုတိယပုံ (ဘယ်) နဲ့  AP သတင်းဌာနက ဖော်ပြခဲ့တဲ့ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

AFP က ရိုက်ကူးခဲ့တဲ့ဗီဒီယိုမှာ သမ္မတရှီဟာ အစည်းအဝေးအပြီးမှာ အကူအညီမပါဘဲ ခန်းမကနေ ထွက်ခွာသွားတာ တွေ့ရပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကျင်းပတဲ့ တတိယအကြိမ်၊ မျက်နှာစုံညီအစည်းအဝေးမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာလည်း သမ္မတရှီ လေဖြတ်ခဲ့တယ်ဆိုတဲ့အထောက်အထား မတွေ့ရပါဘူး။

အဓိကစကားလုံး (Keyword search) တွေ သုံးပြီး AFP က ရှာဖွေကြည့်တဲ့အခါမှာလည်း အဆိုပါအခမ်းအနားတွေမှာ သမ္မတရှီ လေဖြတ်ခဲ့တယ်ဆိုတဲ့ တရားဝင်သတင်းထုတ်ပြန်ချက် တစုံတရာ  မတွေ့ရပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်