
ကားပေါ်မှာကခုန်နေတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုဟာ ထိုင်းကျောင်းကားမီးလောင်မှုမတိုင်ခင် ရက်သတ္တပတ်အတော်ကြာက ရိုက်ကူးထားခြင်းဖြစ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 အောက်တိုဘာ 2024 အချိန် 10h53
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ထိုင်းနိုင်ငံမှ ကျောင်းဆရာမနှင့် ကျောင်းသားလေးများ ကားမီးမလောင်ခင် အချိန်လေး" (မူရင်းအတိုင်း) ဆိုပြီး ကြည့်ရှုမှုအကြိမ်ရေ ၄၉၉,၀၀၀ ကျော်ရှိတဲ့ ဒီ TikTok ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်မှာ မျှဝေထားပါတယ်။
ခရမ်းရောင်တူညီဝတ်စုံ ဝတ်ဆင်ထားကြတဲ့ ကလေးတွေက ဘတ်စ်ကားရဲ့ အတွင်းလျှောက်လမ်းပေါ်မှာ ကခုန်နေပြီး လူကြီးတွေကဘေးနှစ်ဖက် ထိုင်ခုံတွေမှာ ထိုင်နေကြတာကို ၄၉ စက္ကန့် ကြာချိန်ရှိတဲ့ ဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်အနီးက အဝေးပြေးလမ်းမတစ်ခုမှာ ကျောင်းကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာမှာ ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ဆယ်စုနှစ်အတွင်းအဆိုးရွားဆုံး လမ်းမတော်တဆမှုတစ်ခုဖြစ်ပြီး လူ ၂၃ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ (archived link)

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို မြန်မာ၊ ထိုင်းအပြင် အင်္ဂလိပ်ဘာသာစကားတွေနဲ့လည်း မျှဝေထားကြပါတယ်။
ဒါပေမဲ့ အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို အောက်တိုဘာလ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမီးလောင်မှုမတိုင်ခင် လေးရက်အလိုကတည်းက အွန်လိုင်းမှာမျှဝေထားတာကို တွေ့ရပါတယ်။
ထပ်တူညီတဲ့ ဗီဒီယိုတစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က TikTok မှာ မျှဝေထားတာကို AFP က တွေ့ရှိခဲ့ပါတယ်။ "၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ Nakhon Si Thammarat ပြည်နယ်၊ Ban Thung Kwan Kaew ကျောင်းမှ ကျောင်းသားများ Songkhla ပြည်နယ်သို့ လေ့လာရေးခရီးထွက်ခဲ့စဥ်။" ဆိုပြီး ထိုင်းဘာသာနဲ့ စာသားပါရှိပါတယ်။ (archived link)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ ပို့စ်က ဗီဒီယိုရဲ့ Screenshot (ဘယ်) ကို မူရင်း TikTok ဗီဒီယိုရဲ့ Screenshot (ညာ) နဲ့ နှိုင်းယှဥ်ထားတာကို တွေ့နိုင်ပါတယ်။

မူရင်းဗီဒီယိုမျှဝေသူ Kanchana Chimthab က သူဟာ ဗီဒီယိုထဲမှာ တွေ့ရတဲ့ ကျောင်းသားတစ်ဦးရဲ့ မိဘဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း Songkhala ပြည်နယ်ကို လေ့လာရေးခရီးသွားရောက်ခဲ့စဥ် စက်တင်ဘာလ ၁၃ ရက်မှာ ဒီဗီဒီယိုကို သူကိုယ်တိုင်ရိုက်ကူးခဲ့တယ်လို့ AFP ကို ပြောပါတယ်။
"ဒီဗီဒီယိုဟာ ဘတ်စ်ကားမီးလောင်မှုနဲ့ မသက်ဆိုင်ပါဘူး" လို့ သူက ဆိုပါတယ်။
အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ကျောင်းရဲ့ Facebook စာမျက်နှာမှာ ဒီခရီးစဥ်နဲ့ ပက်သက်တဲ့ သတင်းထုတ်ပြန်ချက်တစ်ခုကို တွေ့ရပြီး ဗီဒီယိုထဲမှာပါဝင်တဲ့ ခရမ်းရောင်တူညီဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေ ပါရှိပါတယ်။ (archived link)
"၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် Ban Thung Kwan Kaew ကျောင်းမှ ကျောင်းဆရာများသည် ကျောင်းသားများနှင့်မိဘများအား Songkhla ပြည်နယ်သို့ ကွင်းဆင်းလေ့လာရေးခရီးစဥ် ခေါ်ဆောင်ခဲ့ပြီး Songkhla တိရစ္ဆာန်ရုံ၊ Samila ကမ်းခြေနှင့် Wat Laem Pho စသည့်နေရာများအား သွားရောက်လည်ပတ်ခဲ့သည်။" ဆိုပြီး ထုတ်ပြန်ချက်မှာ တစိတ်တပိုင်း ဖော်ပြထားပါတယ်။
ကားမီးလောင်မှုဖြစ်စဥ်မှာ အသက်ဆုံးပါးခဲ့တဲ့ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း Uthai Thani ပြည်နယ်၊ Wat Khao Phraya Sangkharam ကျောင်းကဖြစ်ပြီး ကျောင်းရဲ့ တူညီဝတ်စုံဟာ လိမ္မော်ရောင်ဖြစ်ပါတယ်။ (archived link)
ထိုင်းနိုင်ငံ ကျောင်းဘတ်စ်ကားမီးလောင်ကျွမ်းမှုနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်