တိုင်ဖွန်းယာဂီကြောင့် ရေတွေကြားပိတ်မိနေတဲ့ ခွေးတွေရဲ့ ဗီဒီယိုဟာ ဗီယက်နမ်ကဖြစ်ပြီး မြန်မာနိုင်ငံကမဟုတ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းယာဂီတိုက်ခတ်ပြီးနောက် ရေကြီးနေတဲ့ကြားမှာ အော်ဟစ်နေကြတဲ့ ခွေးလေးဆယ်ကောင် ရဲ့ ဗီဒီယိုကို မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရေကြီးမှုတွေကဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုကို ဗီယက်နမ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့က မြစ်နီမြစ် အနီးမှာရိုက်ကူးခဲ့တာဖြစ်တယ်လို့ ခွေးလေးတွေရဲ့ပိုင်ရှင်က AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ 

"ရန်ကုန်မှာသာရှိရင် နေပြည်တော်ကို လှမ်းချိတ်ပြီး သွားကယ်ပေးပါတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှာ မျှဝေခဲ့တဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။ 

"သနားပါတယ်ကွယ် သူတို့လေးတွေလည်း ကယ်မယ့်လူ ကို အော်ခေါ်နေကြရှာတယ်...ပြုသမျှ ကုသိုလ် အဝဝကိုလည်း ခွဲဝေပြီး မေတ္တာပို့ အမျှပေးဝေနေရုံပဲ ရှိတော့တယ်. ၇ ရက်သားသမီးတွေနဲ့ တိရိစ္ဆာန်လေးတွေ ဘေးကင်းကြပါစေ.." (မူရင်းအတိုင်း) လို့လည်း ဖြည့်စွက်ရေးသားထားပါတယ်။ 

ကြည့်ရှုမှုအကြိမ်ရေ ၇၅၀ ကျော်ရှိပြီး ၁၃ စက္ကန့် ရှည်လျားတဲ့ ဗီဒီယိုမှာ ရွှံ့ဗွက်ရောင် ရေတွေကြားထဲက သက်ငယ်အမိုးရဲ့ အပေါ်မှာ အော်ဟစ်နေကြတဲ့ ခွေးလေး ၈ကောင်နဲ့ မလှမ်းမကန်းမှာ သူတို့လိုပဲ အော်ဟစ်နေကြတဲ့ နောက်ထပ်ခွေးလေး ၂ ကောင် ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က ရယူထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က တင်ပြခဲ့တဲ့ AFP သတင်းအရ စက်တင်ဘာလအတွင်း ဗီယက်နမ်၊ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းယာဂီကြောင့် ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားကာ ဒေသတွင်း လူပေါင်းရာနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ (Archived link)  

ဗီယက်နမ်နိုင်ငံမှာ အနည်းဆုံး လူပေါင်း ၂၉၉ ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၄၃၃ ဦး သေဆုံးကာ ၇၉ ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားတယ်လို့လည်း  AFP ကဆိုပါတယ်။ 

တိုင်ဖွန်းယာဂီဟာ ဆယ်စုနှစ်အတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ အင်အားအကြီးမားဆုံးမုန်တိုင်းကြီးဖြစ်ပြီး လူဦးရေထူထပ်တဲ့ မြစ်နီမြစ်ဝကျွန်းပေါ်ဒေသမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။  

ထပ်တူညီတဲ့ ဗီဒီယိုနဲ့ မှားယွင်းပြောဆိုမှုတွေကို အခြား Facebook ပို့စ်တွေ အပြင် TikTok နဲ့ YouTube တွေမှာလည်း မျှဝေထားကြပါတယ်။  

ဒီဗီဒီယိုက တိရစ္ဆာန်ချစ်တဲ့မြန်မာနိုင်ငံသားတွေကြား စာနာသနား၊ စိတ်မကောင်းမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

"သူတို့ကိုခေါ်သွားပါလို့ပြောနေကြတာ သနားပါတယ်" (မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ 

"သနားပါတယ် ခွေးအရမ်းချစ်တဲ့သူမို့လို့အဲ့လိုမြင်ရင်မခံစားနိုင်ဘူး…ကလေးတွေကိုလဲ ပစ်မထား ပဲကယ်ပေးကြပါအုံး" (မူရင်းအတိုင်း)ဆိုပြီးလည်းနောက်တစ်ယောက်က မှတ်ချက်ပြုထားပါသေးတယ်။

ဒါပေမဲ့ အဲဒီ ပြောဆိုမှုက မှားယွင်းနေပါတယ်။ ဒီဗီဒီယိုကို ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့မှာရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။  

ဗီယက်နမ်ကခွေးလေးတွေ 

ဒီဗီဒီယိုထဲမှာ လူတစ်ယောက်က ဗီယက်နမ်ဘာသာစကားနဲ့ "စိတ်အေးအေးထား" ဆိုပြီး ထပ်ကာ ထပ်ကာ ပြောဆိုနေတာကို ကြားရတယ်လို့  ဟနွိုင်းအခြေစိုက် AFP သတင်းထောက်က အတည်ပြုပြောဆိုခဲ့ပါတယ်။   

ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပိုပြီးကြည်လင်တဲ့ ဗီဒီယိုကို ရေကြီးနေစဥ်  ဒေသတွင်း တိရစ္ဆာန် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ "Think Playgrounds" လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ Facebook စာမျက်နှာမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က မျှဝေခဲ့တာကိုတွေ့ရပါတယ်။ (Archived link) 

"စက်တင်ဘာလ ၁၃ ရက်နေ့အတွက်ထုတ်ပြန်ချက် - ကျွန်တော်တို့ ဒီပိုစ့်ကို အဆုံးသတ်ချင်ပါတယ်။ ဒီနေ့အတွက် နောက်ထပ်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုတွေကို Sân Nhà Nhiều Chó နဲ့  အိမ်မွေးတိရစ္ဆာန်ကာကွယ်ရေးနှင့် လေ့လာရေးစင်တာ ဖြစ်တဲ့ Trạm cứu hộ chó mèo Hà Nội အဖွဲ့တို့ကနေပြီး အခြားကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဆိုပြီး ဗီယက်နမ်ဘာသာစကားနဲ့ ခေါင်းစဉ်ရေးသားထားပါတယ်။  

"၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှာ ကျွန်တော်တို့အဖွဲ့က နောက်ထပ် ခွေး ၂၈ ကောင်နဲ့ ကြောင် ၈ ကောင်တို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ကယ်ခဲ့တာ ခွေးအကောင်ရေပေါင်း ၆၈ ကောင်ရှိသွားပါပြီ။" လို့လည်း ဖြည့်စွက်ရေးသားထားပါတယ်။  

Image
Think Playgrounds ကမျှဝေခဲ့တဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်က ရယူထားတဲ့ Screenshot

Think Playground ရဲ့ တွဲဖက်တည်ထောင်သူ Nguyen Tieu Quoc Dat က ဒီဗီဒီယိုကို ခွေးလေးတွေကို ကယ်ဆယ်ဖို့အကူအညီတောင်းခံလာတဲ့ ပိုင်ရှင်ဖြစ်သူ Ms. Le Huong Le ဆီကနေ စက်တင်ဘာလ ၁၁ ရက်မှာ ရရှိခဲ့တာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။  

Ms. Le က သူမဟာ ခွေးလေးတွေရဲ့ ပိုင်ရှင်ဖြစ်ပြီး  ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာက ဟနွိုင်းမြို့ ရဲ့ မြစ်နီမြစ်သောင်ခုံပေါ်မှာရှိတဲ့ Tu Lien ရပ်ကွက် ဖြစ်တယ်လို့ AFP ကိုအတည်ပြုခဲ့ပါတယ်။ 

"အဲဒီနေ့က မုန်တိုင်းတော်တော်ထန်နေလို့ ကသောင်းကနင်းတွေဖြစ်နေခဲ့တာပါ။ ကျွန်မရဲ့အိမ်နီးချင်းတွေက ခွေးလေးတွေကို မြင်တာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက် group တွေမှာတင်ပေးခဲ့တာပါ" ဆိုပြီး Ms. Le ကအောက်တိုဘာလ ၂ ရက်မှာ AFP ကို ပြောပါတယ်။  

"ကျွန်မ အဲ့တုန်းက ခွေးလေးတွေကိုပဲ စိတ်ပူနေခဲ့တာ။ ရေတွေကြီးနေတော့ ကျွန်မသွားလို့မရလို့ လှေတစ်စီးလောက်ငှားပြီး သူတို့ကို ကယ်ပေးချင်ခဲ့တာ" ဆိုပြီးလည်းဖြည့်စွက်ပြောကြားခဲ့ပါတယ်။   

"တာဝန်ရှိသူတွေက ဒေသခံတွေဘေးလွတ်ရာရွှေ့ပြောင်း ကယ်ဆယ်ရေးကိုပဲ အဓိကထားပြီး အိမ်မွေးတိရစ္ဆာန်နဲ့ ပိုင်ဆိုင်မှုတွေကိုတော့သူတို့ ကယ်ဆယ်ရေးမလုပ်နိုင်ကြတဲ့အတွက် ကျွန်တော်တို့အဖွဲ့က သူမရဲ့ ခွေးလေးနှစ်ကောင်ကို အရင်ဆုံး ရွှေ့ပြောင်းပေးခဲ့ပါတယ်။" ဆိုပြီး အိမ်မွေးတိရစ္ဆာန်ကာကွယ်ရေးနှင့် လေ့လာရေးစင်တာရဲ့  တိရစ္ဆာန်ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှုးဖြစ်တဲ့ Pham Trung Anh က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်မှာ AFP ကိုပြောပါတယ်။  

"နောက်ဆုံးမှာတော့ Ms. Le ရဲ့ခွေးလေးတွေတင်မကပဲ တခြား ခွေး၊ ကြောင်၊ ဆိတ် စတဲ့ တိရစ္ဆာန်  ၉၉ ကောင်ကို ဘေးလွတ်ရာကိုခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူတို့လေးတွေကို ကုန်းတစ်နေရာမှာ ခဏချထားပြီးတော့ သခင်တွေကိုလိုက်ရှာရတာပေါ့" ဆိုပြီး သူကပြောပါတယ်။   

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပိုစ့် (ဘယ်) ကို Think Playgrounds ကမျှဝေထားတဲ့ ဗီဒီယို (ညာ)နဲ့ နှိုင်းယှဉ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းပြောဆိုထားတဲ့ Facebook ပိုစ့် (ဘယ်) ကို Think Playgrounds ကမျှဝေထားတဲ့ ဗီဒီယို (ညာ)နဲ့ နှိုင်းယှဉ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

AFP အနေနဲ့ ယခင်ကလည်း တိုင်ဖွန်းယာဂီနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တို့မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်