PDF တွေ တီထွင်တဲ့ ဒုံးပျံအသေးစားလို့ဆိုထားတဲ့ ထိုင်းနိုင်ငံက ဓာတ်ပုံတွေ မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံထဲက အာဏာသိမ်းဆန့်ကျင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေ တီထွင်လိုက်တဲ့အသေးစားဒုံးပျံဆိုတဲ့ အဆိုနဲ့အတူ လူတစ်ချို့ ဒုံးကျည်လွှတ်တင်နေတဲ့ ဓာတ်ပုံငါးပုံကို Facebook ပေါ်မှာအကြိမ်ကြိမ်ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေကို မှားယွင်းတဲ့အချက်အလက်တွေနဲ့ မျှဝေထားတာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းမှာကျင်းပလေ့ရှိတဲ့ ဒုံးလွှတ်ပွဲတော်အကြောင်း ရိုက်ကူးထားတဲ့ဗီဒီယိုက ရယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်ရေးတိုက်ခိုက်ရေးသမားတွေ ဒုံးကျည်တစ်ခုကိုတီထွင်အောင်မြင်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေကို AFP က မတွေ့ရပါဘူး။

ဒီဓာတ်ပုံတွေကို ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

“အမည်မဖော်လိုသည့် တောတွင်းတစ်နေရာက PDF တွေ ကြီးမားတဲ့ အောင်မြင်မှုအနေနဲ့ ဒုံးပျံယာဉ်အသေးစားတစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရ” (မူရင်းအတိုင်း) ဆိုတဲ့စာသားကိုလည်း ပို့စ်မှာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး စစ်တပ်အာဏာသိမ်းယူမှုဖြစ်ပွားခဲ့တဲ့နောက် ဒါဇင်နဲ့ချီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါ် PDF တပ်ဖွဲ့တွေ မြန်မာနိုင်ငံအနှံ့အပြား ပေါ်ပေါက်လာခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ရွာသားတွေပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီတပ်ဖွဲ့တွေက လက်နက်အင်အားပြည့်စုံတဲ့စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှု၊ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ထိုးနှက်နိုင်ခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီအဆိုဟာမှားယွင်းနေတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံက ဒုံးလွှတ်ပွဲတော်

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေကို ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်နေ့က YouTube မှာ မျှဝေထားတဲ့ ဒီဗီဒီယိုကနေ ရယူထားတာဖြစ်ပါတယ်။

“၂၀၂၂ ခုနှစ် Yasathorn ပြည်နယ် Lanna Viang မြို့မှ ဒုံးလွှတ်ပွဲတော်” ဆိုပြီး ထိုင်းဘာသာစကားနဲ့ ခေါင်းစဥ်မှာဖော်ပြထားပါတယ်။

Bun Bang Fai” လို့လူသိများတဲ့ ဒုံးလွှတ်ပွဲတော်ကို ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း Isan ဒေသမှာ လယ်ယာစိုက်ပျိုးရာသီအတွက် မိုးရွာစေဖို့ ဆုတောင်းတဲ့အနေနဲ့ နှစ်စဥ်ကျင်းပကြပါတယ်။

Yasothorn ဟာ Isan ဒေသထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ဒီဗီဒီယိုကို ဖော်ပြခဲ့တဲ့ Isan ရိုက်ကူးရေး YouTube ချန်နယ်က Isan ဒေသမှာနေထိုင်သူတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီချန်နယ်ကိုဖန်တီးထားတာဆိုပြီး ပြောထားပါတယ်။

အဲဒီချန်နယ်မှာ ၂၀၁၇ ခုနှစ်ကတည်းက ဒေသတွင်းကဗီဒီယိုအများအပြားကိုတင်ထားပြီး ပြီးခဲ့တဲ့နှစ်တွေက ရိုက်ကူးထားတဲ့ ဒုံးလွှတ်ပွဲတော်ဗီဒီယိုတွေလည်းပါဝင်ပါတယ်။

ဒီဒုံးလွှတ်ပွဲတော်ကို ကိုဗစ်ရောဂါကူးစက်မှုကြောင့် ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် မေလထဲမှာ ပြန်လည်ကျင်းပခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံတွေနဲ့တူညီတဲ့ပုံရိပ်တွေကို ဒီ YouTube ဗီဒီယိုရဲ့ ကြာချိန် လေးစက္ကန့်၊ ၁၈ စက္ကန့်၊ သုံးမိနစ် ၂၈ စက္ကန့်၊ ခုနစ်မိနစ် သုံးစက္ကန့်နဲ့ ခုနစ်မိနစ် ငါးစက္ကန့်တို့မှာ အသီးသီးတွေ့နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) ကို YouTube ကရယူထားတဲ့ Screenshot ဓာတ်ပုံတွေ (ညာ) နဲ့နှိုင်းယှဥ်ထားတာတွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) နဲ့ YouTube ကရယူထားတဲ့ Screenshot ဓာတ်ပုံတွေ (ညာ)

Isan ရိုက်ကူးရေးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နားလည်မှုလွဲစေတဲ့ပို့စ်နဲ့ပတ်သတ်ပြီး မေလ ၁၉ ရက်နေ့မှာ AFP ကိုအခုလိုပဲပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က ဒီဗီဒီယိုကိုရိုက်ကူးခဲ့တာပါ။ ဒီဟာက ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုအရကျင်းပတဲ့ ဒုံးလွှတ်ပွဲတော်က ပုံတွေဖြစ်ပါတယ်။”

ဒီ၂၀၂၂ ခုနှစ် ဒုံးလွှတ်ပွဲတော်နဲ့ ကိုက်ညီတဲ့ ဗီဒီယိုတစ်ခုကိုလည်း YouTube နဲ့ Facebook ပေါ်မှာမျှဝေထားတာ တွေ့ရပါတယ်။

အဲဒီ YouTube နဲ့ Facebook စာမျက်နှာတွေကိုပိုင်ဆိုင်သူဖြစ်တဲ့ Suriya Cherchat က ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်နေ့က Isan ဒေသမှာ သူကိုယ်တိုင်ရိုက်ကူးခဲ့တယ်လို့ AFP ကိုပြောပါတယ်။

ဒီနားလည်မှာလွဲစေတဲ့ပို့စ်နဲ့ ဆင်တူတဲ့အဆိုမှားတစ်ခုကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

MYANMAR MILITARY COUP