ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့ရဲ့ဗီဒီယိုအဟောင်းကို ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲဆိုပြီး မှားယွင်းဖော်ပြ

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ အနည်းဆုံး ၂၀၁၉ ခုနှစ်လောက်ကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဗီဒီယိုမှာ တွေ့ရတာဟာ တိုက်ပွဲဝင်နေတဲ့ ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့ (French Foreign Legion) က စစ်သားတွေသာဖြစ်ပြီး ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့နေရာအတိအကျကိုတော့ မသိရပါဘူး။

၈ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့ ဒီဗီဒီယိုထဲမှာ ကတုတ်ကျင်းတစ်ခုကနေ အကာအကွယ်ယူပြီး မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်သားတစ်စုကို တွေ့ရပါတယ်။

ဗီဒီယိုနဲ့အတူ “ရုရှား vs ယူကရိန်း အပိုင်း(၂ )”(မူရင်းအတိုင်း) ဆိုတဲ့စာသားကို တင်ထားတာ ဖြစ်ပြီး ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီး လေးရက်မြောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က Facebook ပေါ် တင်ခဲ့တာပါ။ ဗီဒီယိုကို အကြိမ်ရေ ၅၃,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

မှားနေတဲ့ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က ရိုက်ယူခဲ့တဲ့ Screenshot

ဗီဒီယိုရဲ့အစပိုင်း စက္ကန့်တွေမှာ ရန်သူ့ပစ်မှတ်တွေကို ပစ်ခတ်နေတဲ့ စစ်သားတွေကို တွေ့ရပါတယ်။ အဲဒီနောက်မှာ အဝေးကတောင်ကုန်းတစ်ခုစီ လှမ်းပစ်ခတ်နေတာကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အဲဒီဗီဒီယိုမှာ အနည်းဆုံးသံချပ်ကာယာဉ်နှစ်စီးလောက်မှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်နေတာကိုလည်း မြင်တွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ ရုရှား-ယူကရိန်းစစ်ပွဲမဖြစ်ခင် လများစွာကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့ပြီးသား ဖြစ်ပါတယ်။

ဗီဒီယိုအဟောင်း

ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို ဖြတ်ထုတ်ပြီး Google ပေါ်မှာ ရာဇဝင်ရှာကြည့်တဲ့အခါ “အာဖဂန်နစ္စတန်တွင် တာလီဘန်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့် ပြင်သစ်နိုင်ငံခြားတပ်သားများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီ YouTube ဗီဒီယိုကို တွေ့ရပါတယ်။

ဗီဒီယိုကို ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ခြောက်လအလို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံကို မြေပြင်နဲ့ဝေဟင်ကနေ တက်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပြီး သိန်းနဲ့ချီတဲ့အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့ (French Foreign Legion) ဟာ ရာစုနှစ်နှစ်ခုနီးပါး တည်ရှိနေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး သူတို့ရဲ့ အထူးအဖွဲ့ကို ၁၈၃၁ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ ပြင်သစ်စစ်တပ်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ဖို့၊ ပြင်သစ်နိုင်ငံအကျိုးစီးပွားကို နိုင်ငံတကာမှာ ကာကွယ်ဖို့ရည်ရွယ်ပြီး ဖွဲ့ စည်းထားတာလည်း ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့ဝင်တွေဟာ ၂၀၀၉ ခုနှစ်မှာ အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေရဲ့အဓိကစခန်းတွေကို အမေရိကန်စစ်သားတွေနဲ့အတူ ကူညီတိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံသမ္မတဟောင်း Nicolas Sarkozy ရဲ့ ကြေညာချက်ကြောင့် ၂၀၁၁ ခုနှစ်မှာ တပ်ရုပ်သိမ်းခဲ့ပါတယ်။

ဗီဒီယိုထဲမှာ စစ်သားတွေဟာ ပြင်သစ်ဘာသာစကား ပြောနေတာကို ကြားရသလို သူတို့ဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံတွေမှာလည်း ပြင်သစ်စစ်တပ်ရဲ့ယူနီဖောင်းတွေမှာ တွေ့ရတဲ့ တံဆိပ်တွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။

တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့တံဆိပ်ကို တွေ့ရတဲ့ ဗီဒီယိုရဲ့ Screenshot

ဗီဒီယိုထဲက စစ်သားတွေရဲ့ တံဆိပ်တွေဟာ AFP က ရိုက်ကူးတဲ့ ဓာတ်ပုံတွေထဲက ပြင်သစ်စစ်သားတွေရဲ့ ယူနီဖောင်းပေါ်က တံဆိပ်တွေနဲ့လည်း တူညီတာတွေ့နိုင်ပါတယ်။

A French soldier from the Barkhane operation stands in Timbuktu on September 9, 2021. ( AFP / MAIMOUNA MORO)

ဒီဗီဒီယိုထဲကစစ်သားတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ Panjshir ပြည်နယ်ကို တိုက်ခိုက်ခဲ့တဲ့ တာလီဘန်တွေ ဆိုပြီး ၂၀၁၉ ခုနှစ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီအဆိုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပြီး အဲဒီတုန်းက ပြင်သစ်ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗီဒီယိုဟာ “ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့တွေ” ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ပွဲဘယ်မှာဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မသိရပါဘူး။

ယူကရိန်းပဋိပက္ခနဲ့ဆက်စပ် အချက်အလက်မှားတွေကို AFP က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ စုစည်းဖော်ပြထားပါတယ်။

4 March 2022 This article has been updated to amend metadata
Ukraine conflict