မွမ်ဘိုင်းမြို့ကတိမ်တိုက်တွေရဲ့ပုံလို့ဆိုထားတဲ့ ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခု မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အိန္ဒိယနိုင်ငံရဲ့စီးပွားရေးအချက်အချာဖြစ်တဲ့ မွမ်ဘိုင်းမြို့ကောင်းကင်မှာတွေ့ရတဲ့ တိမ်စိုင်တွေဆိုပြီး ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာအကြိမ်ရေ ရာနဲ့ချီပြန်လည်မျှဝေနေကြပါတယ်။ Facebook အသုံးပြုသူအချို့က ဒီဓာတ်ပုံဟာအစစ်အမှန်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ဓာတ်ပုံသီးသန့်ရောင်းချတဲ့ဝဘ်ဆိုဒ်ကပုံတစ်ပုံကို အသုံးပြုပြီး ဒစ်ဂျစ်တယ်နည်းအရပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။   

ဒီဓာတ်ပုံကို ၂၀၂၂ခုနှစ်၊  မေလ ၂၃ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၅၀ ကျော်ရှိနေပါတယ်။

“ယနေ့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ပေါ်မှ မြင်တွေ့ရသည့် Mammatus မိုးတိမ်တိုက်များ။”(မူရင်းအတိုင်း) ဆိုတဲ့စာသားကိုလည်း ဓာတ်ပုံနဲ့အတူဖော်ပြထားပါတယ်။ 

Mammatus တိမ်တိုက်တွေဟာ တိမ်တွေရဲ့ အောက်ခြေမှာဖြစ်ပေါ်လေ့ရှိတဲ့ ဖောင်းကြွတဲ့တိမ်အိတ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ 

ဒီဖြစ်စဥ်ကို မိုးကြိုးမုန်တိုင်းတွေယူဆောင်လာလေ့ရှိတဲ့ တိမ်တိုက်တွေနဲ့ပူးတွဲတွေ့ရတတ်ပါတယ်။ 

၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot 

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပြီး အိန္ဒိယနိုင်ငံဖိလစ်ပိုင်နိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာလည်း ပျံ့နှံ့နေတာတွေ့ရပါတယ်။ 

ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ 

မိုးလေဝသပညာရှင် Eric Zernich က ဒီဓာတ်ပုံကို Facebook ပေါ်မှာမျှဝေခဲ့ပြီး အမေရိကန်အခြေစိုက် အနုပညာရှင် Brent Savnore ကို Credit ပေးထားပါတယ်။ 

Savnore က ဒီဓာတ်ပုံဟာ “အစစ်အမှန်မဟုတ်ဘူး” လို့ AFP ကို ပြောခဲ့ပါတယ်။ 

“ဒီပုံရိပ်ကို ဓာတ်ပုံသီးသန့်ရောင်းချတဲ့ဝဘ်ဆိုဒ်တစ်ခုက ဓာတ်ပုံတစ်ပုံကိုအသုံးပြုပြီး ဒစ်ဂျစ်တယ်နည်းနဲ့ ပြုပြင်ဖန်တီးခဲ့တာပါ။”လို့ သူကဆိုပါတယ်။ 

Savnore က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ဒီဓာတ်ပုံကို “အမြင့်မြတ်ဆုံးသူတွေက နာကျင်မှုတွေကိုအခြားသူတွေမခံစားရအောင်လို့ သူတို့ရင်မှာမြိုသိပ်ပေးတဲ့သူတွေဖြစ်တယ်။” ဆိုတဲ့ စာသားနဲ့  Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။

အဲဒီပို့စ်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရဲ့ တည်နေရာပြအမှတ်အသားနဲ့အတူ တွဲတင်ထားပါတယ်။

သူ့ရဲ့ Facebook နဲ့ Instagram စာမျက်နှာတွေမှာ ဒစ်ဂျစ်တယ်နည်းအရဖန်တီးထားတဲ့ အလားတူတိမ်တိုက်ပုံတွေကို တွေ့နိုင်ပါတယ်။ 

TinEye မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံရဲ့မပြုပြင်ရသေးတဲ့ မူလဓာတ်ပုံကို ကနေဒါအခြေစိုက် ဓာတ်ပုံဝဘ်ဆိုဒ်ဖြစ်တဲ့ iStock ဒီလင့်ခ်မှာ တွေ့ရပါတယ်။ 

ဒီဓာတ်ပုံနဲ့အတူစာသားကို အောက်မှာတွေ့နိုင်ပါတယ်။ 

"ရှေ့မျက်နှာစာမှာ အောက်ခြေလူလတ်တန်းစားတွေရဲ့နေအိမ်တွေ၊ ဟိုးနောက်ဘက်မှာ အထက်တန်းစားတွေနေထိုင်တဲ့ တာဝါသစ်တွေနဲ့ ဘယ်တော့မှမအိပ်စက်တဲ့မြို့လို့ နာမည်ကြီးတဲ့၊ လရောင်ထဲလင်းလက်တောက်ပနေတဲ့ အိန္ဒိယရဲ့စီးပွားရေးမြို့တော် မွမ်ဘိုင်း။"

ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ iStock ကဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။  

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ iStock ကဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

Savnore ရဲ့အနုပညာပုံရိပ်တစ်ခုကို တောင်ကာရိုလိုင်းနားဒေသက မုန်တိုင်းတစ်ခုရဲ့ပုံရိပ်ဆိုပြီးမှားယွင်းပြောဆိုထားတာကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။