အမေရိကန်ဗိုလ်ချုပ်ကြီးဖမ်းဆီးခံရတယ်ဆိုတဲ့အချက်အလက်မှားဓာတ်ပုံတွေပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 မေ 2022 အချိန် 06h21
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
၂၀၂၂ ခုနှစ်၊ မေလတုန်းက ယူကရိန်းနိုင်ငံ၊ မာရီအူပေါလ်မြို့မှာ ရုရှားတပ်ဖွဲ့ဝင်တွေဆီ လက်နက်ချ ဖမ်းဆီးခံရတဲ့ ယူကရိန်းစစ်သားတွေထဲမှာ အမေရိကန်စစ်တပ်အရာရှိကြီးတစ်ဦးလည်း ပါဝင်တယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုမီဒီယာတွေမှာ ပြန်လည်မျှဝေနေကြပါတယ်။ လက်နက်ချခဲ့ကြတဲ့စစ်သားတွေဟာ မာရီအူပေါလ်မြို့က Azovstal သံမဏိစက်ရုံကို ကာကွယ်ခဲ့ကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီး Eric Olson က သူဟာ ယူကရိန်းမှာ မဟုတ်တဲ့အကြောင်း AFP ကို အတည်ပြုထားပါတယ်။ တကယ်တမ်း ဒီဓာတ်ပုံဟာ သူ့ရဲ့ဓာတ်ပုံမဟုတ်ဘဲ ယူကရိန်းစစ်သားတွေ လက်နက်မချခင် တစ်လအလိုကတည်းက ရုရှားမီဒီယာတွေမှာ ပျံ့နှံ့ခဲ့တဲ့ပုံရိပ်တစ်ခုသာ ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့စာသားတချို့နဲ့ဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တင်ထားတာတွေ့ရပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၇၀ ကျော် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို မေလ ၂၇ ရက်က ရယူထားတဲ့ screenshot

အလားတူပို့စ်တွေဟာ အင်္ဂလိပ်ဘာသာစကားဂျာမန်ဘာသာစကားချက်ဘာသာစကားနဲ့ စလိုဗက်ဘာသာစကားတွေအပြင် ဘာသာစကားအများအပြားနဲ့ ပျံ့နှံ့လျက်ရှိပါတယ်။

မြန်မာမှာပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပါဝင်တဲ့ စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။

“(2022,May 15)ရက်နေ့က Mariupol ရှိ Azovstal သံမဏိစက်ရုံမှာ ပိတ်မိနေသည့် အမေရိကန်စစ်ဦးစီးချုပ်တစ်ဦးသည် ရုရှားတပ်ဖွဲ့များထံ လက်နက်ချခဲ့ကြောင်း မြောက်မြားစွာသော အစီရင်ခံစာ အများအပြား ပျံ့နှံလျှက်ရှိသည်။

ညနေ ၆ နာရီ ၁၇ မိနစ် EDT တွင် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Eric Olson ဟု ယူဆရသည့် ဓာတ်ပုံအား ရုရှားတပ်ဖွဲများက ဖမ်းဆီးခြင်းခံနေရသော ရေတပ်ဗိုလ်ချုပ်၏ပုံကို ထုတ်ပြခဲ့သည်။

အောက်ပါ ဓာတ်ပုံသည် ရေတပ်ဗိုလ်ချုပ်ကြီး Eric T. Olsen ဖြစ်သည်ဟု ဆိုကြသည်။” (မူရင်းအတိုင်း)

“အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Olson (Ret'd) နှင့်အတူ ဗြိတိန် ဒုတိယဗိုလ်မှူးကြီး John Bailey နှင့် NATO ၏ စစ်သင်တန်းပို့ချရန် စေလွှတ်ထားသည့်သူ ၄ ဦးသည် ရုရှားထံ လက်နက်ချခဲ့ကြသည်။” (မူရင်းအတိုင်း)

ပို့စ်ပါ ဓာတ်ပုံထဲမှာတော့ ကျည်ကာပေါ်မှာ “Z” အမှတ်အသားပါတဲ့ ရိုင်ဖယ်ကိုင် ရုရှားစစ်သားတစ်ဦး ဦးဆောင်လာတဲ့ အကျဉ်းသားတွေကြားမှာ စစ်ဝတ်စုံဝတ်အမျိုးသားတစ်ဦးကို အနီရောင်နဲ့ဝိုင်းပြထားပါတယ်။ “Z” အမှတ်အသားဟာ ရုရှားတပ်ဖွဲ့ဝင်မှန်း သိသာစေတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသားရဲ့မျက်နှာဟာ လျှာထိုးစစ်ဦးထုပ်ကွယ်နေလို့ သေချာမပေါ်လွင်ပါဘူး။

တချို့ လူမှုမီဒီယာပို့စ်တွေမှာတော့ ဒီလိုဖမ်းမိတာဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်ပါဝင်ပတ်သက်မှု ဘယ်လောက်နက်ရှိုင်းနေတယ်ဆိုတာကို သိသာစေတယ်ဆိုပြီး ဆိုကြပါတယ်။

ဒါပေမဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ ရရှိထားပြီး ၂၀၁၁ ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး Olson ကို သူ့ရဲ့ LinkedIn ကနေတစ်ဆင့် AFP က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီလိုပြောဆိုနေတာတွေဟာ မှားယွင်းတယ်လို့ သူက ပြန်ဖြေပါတယ်။

မှားယွင်းရေးသားနေတဲ့ပို့စ်တွေနဲ့ပတ်သက်ပြီး သူကအရွှန်းဖောက်ပြောဆိုရင်း ရုရှားတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာ မခံရပါဘူးလို့ မေလ ၂၄ ရက်မှာ အတည်ပြုပါတယ်။

“ဒီကိစ္စကို မဟုတ်ကြောင်း သေချာအချက်အလက်စိစစ်ပြီးနေပြီလို့ထင်ထားတာ။ ဒါပေမဲ့ အခု ခင်ဗျားဆီ ကျွန်တော်စာပို့လို့ရနေတယ်ဆိုတော့ဗျာ ကျွန်တော်ဟာ ယူကရိန်းမှာ ရုရှားတွေဖမ်းဆီးခံရတာမဟုတ်လို့ ဒါမှမဟုတ် ရုရှားအချုပ်ခန်းထဲမှာ ဖုန်းလိုင်းတအားကောင်းနေလို့ပေါ့နော်။ ကျွန်တော် ဝမ်းမြောက်စွာနဲ့ အတည်ပြုပြောလိုတာကတော့ ကျွန်တော် အဖမ်းခံရတယ်ဆိုတာမဟုတ်ပါဘူး” လို့ Olson က ဖြေပါတယ်။

အဲဒါအပြင် Olson က ထပ်လောင်းအတည်ပြုပါသေးတယ်။ “ဒီမက်ဆေ့ချ်ဟာ ရုရှားမှာ ကျွန်တော်ဖမ်းဆီးထိန်းသိမ်းခံထားရတာ မဟုတ်ကြောင်း လုံလောက်တဲ့သက်သေအထောက်အထားအနေနဲ့ ကျေးဇူးပြုပြီးလက်ခံပေးပါ”

Olson ဟာ အမေရိကန်အထူးစစ်ဆင်ရေးဌာနမှာ တပ်မှူးအနေနဲ့ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၁၁ ခုနှစ် ဩဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်နေဗီဆီးလ်အထူးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အငြိမ်းစားယူပြီးအရပ်ဘက်ရောက်တဲ့အခါ ပညာရေးအသိုင်းအဝိုင်းမှာ ပညာရှင်အနေနဲ့ ခန့်အပ်ခံရပြီး အမေရိကန်က ကုမ္ပဏီအများအပြားမှာလည်း ဘုတ်အဖွဲ့ဝင်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မာရီအူပေါလ်မှာ ယူကရိန်းစစ်သားတွေလက်နက်မချခင်တစ်လအလိုက ရိုက်ကူးထားတဲ့ဓာတ်ပုံ

လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ပုံတွေမှာတော့ ယူကရိန်းအရှေ့တောင်ဘက် မာရီအူပေါလ်မြို့ကို ရုရှားစစ်တပ်နဲ့အဝိုင်းခံရတဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်မှုမရှိတဲ့ပုံရိပ်တွေကိုလည်း အသုံးပြုနေတာတွေ့ရပါတယ်။ မာရီအူပေါလ်မြို့မှာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကစလို့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မာရီအူပေါလ်မြို့၊ Azovstal သံမဏိစက်ရုံမှာ ယူကရိန်းစစ်သားစုစုပေါင်း ၁,၇၃၀ ဦး လက်နက်ချခဲ့တယ်လို့ မေလ ၁၉ ရက်မှာ ရုရှားက ထုတ်ပြန်ထားပါတယ်။

မာရီအူပေါလ်မှာ လက်နက်ချတဲ့ စစ်သားတွေကြားထဲက Olson လို့ ဆိုထားတဲ့ဓာတ်ပုံရဲ့ မူလပုံကို AFP က ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မာရီအူပေါလ်မြို့မှာ လက်နက်မချခင် တစ်လကျော်ကတည်းက ရုရှားအစိုးရထိန်းချုပ်ထားတဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Sputnik ရဲ့ ဒီလင့်ခ်မှာ ဧပြီလ ၁၄ ရက်နေ့စွဲနဲ့တင်ထားတာတွေ့ရပါတယ်။

Sputnik ရဲ့ ဓာတ်ပုံအညွှန်းစာမှာ အခုလိုရေးထားပါတယ်။ “၂၀၁၄ ခုနှစ်အတွင်း လူဟန့်ခ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားသို့ ယူကရိန်းစစ်သုံ့ပန်းများ တက်ရောက်နေကြစဉ်”

Image
၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်က Sputnik ဝဘ်ဆိုဒ်က ရယူထားတဲ့ screenshot

လူဟန့်ခ်ဒေသဟာ မာရီအူပေါလ်မြို့ကနေ မိုင် ၂၀၀ ခန့် (ကီလိုမီတာ ၃၀၀ ခန့်) အကွာမှာရှိပါတယ်။

ဒီဓာတ်ပုံကိုပဲ ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ RIA Novosti မှာ ရုရှားဘာသာစကားနဲ့တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့အတူ ဧပြီလ ၁၄ ရက်က တင်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံအညွှန်းစာမှာ အခုလို ရေးသားထားပါတယ်။ “နိုင်ငံတော်အစောင့်တပ်က ယူကရိန်းစစ်သုံ့ပန်းတွေကိုလည်း အခမ်းအနားကို ခေါ်လာပါတယ်”

Image
၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်က RIA ဝဘ်ဆိုဒ်မှာ ရယူထားတဲ့ screenshot

Sputnik နဲ့ RIA နှစ်ခုလုံးမှာတော့ ဓာတ်ပုံရိုက်ကူးသူရဲ့အမည်ကို Alexei Maishev လို့ ဖော်ပြထားပါတယ်။ မီဒီယာနှစ်ခုလုံးမှာ Olson ရဲ့နာမည်ကို ဖော်ပြထားခြင်းမရှိပါဘူး။

AFP က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်ကြားမှု မရရှိသေးပါဘူး။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အချက်လက်မှားတွေနဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေကို ဘာသာစကားမျိုးစုံနဲ့ AFP က အချက်အလက်စိစစ်ထားတဲ့ ဆောင်းပါးအပုဒ်ရေ ၈၀၀ ကျော်ရှိနေပါတယ်။ အဲဒီဆောင်းပါးတွေကို အင်္ဂလိပ်ဘာသာစကားနဲ့ ဒီလင့်ခ်မှာ တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ