သီရိလင်္ကာမှာ ဆီဖြည့်ဖို့တန်းစီနေတဲ့ ယာဉ်တွေရဲ့ဓာတ်ပုံဖြစ်ပြီး မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့က မန္တလေးကဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ယာဉ်တွေလို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မျှဝေခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းမြင့်မားလာတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားကြပေမယ့် ဒီဓာတ်ပုံကိုတော့ Facebook ပေါ်မှာ အကြောင်းအရာ လွဲမှားပြီး မျှဝေထားကြတာ ဖြစ်ပါတယ်။ တကယ်တမ်း ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလက သီရိလင်္ကာနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး နိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းပြဿနာတွေအကြောင်း ရေးသားထားတဲ့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်မှာ Follower ၂,၃၀၀ ကျော်ရှိတဲ့ Facebook အကောင့်တစ်ခုက ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး ၃၃ ကြိမ် ပြန်လည်မျှဝေထားကြပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဓာတ်ပုံနဲ့အတူ “#ဒီနေ့ #မန်းကဆီဆိုင်တွေရဲ့အခြေအနေ” (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်ကဖယ်ရှားပြီး အာဏာရယူခဲ့တဲ့နောက် နိုင်ငံတွင်း မငြိမ်မသက်အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းလတွေမှာ လောင်စာဆီလျော့နည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ မေလမှာ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေက ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲဒီသတင်းတွေနောက်ပိုင်းမှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို စင်္ကာပူနိုင်ငံအခြေစိုက်သတင်းစာတစ်စောင်ဖြစ်တဲ့ The Straits Times က ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီသတင်းကတော့ ၂၀၂၂ ခုနှစ်၊ ဧပြီလက သီရိလင်္ကာနိုင်ငံမှာ စက်သုံးဆီဈေးတွေ မြင့်တက်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ဓာတ်ပုံနဲ့အတူ ဖော်ပြခဲ့တဲ့ ရည်ညွန်းစာကတော့ အခုလို ဖြစ်ပါတယ်။

“သီရိလင်္ကာနိုင်ငံ၏ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကြား ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တန်းစီနေသည့် ယာဉ်တန်းရှည်ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်က တွေ့ရစဉ်”

ဓာတ်ပုံကို Amila Gamage အမည်ရှိတဲ့ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံဆရာ Gamage က အဲဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်က သီရိလင်္ကာနိုင်ငံ၊ ကမ်းရိုးတန်းတစ်မြို့ဖြစ်တဲ့ Matara မြို့က ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ သူကိုယ်တိုင် ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

“အဲဒီဓာတ်ပုံကို The Straits Times က သတင်းထောက်တစ်ယောက်နဲ့အတူ သတင်းလိုက်တုန်းက ရိုက်ကူးခဲ့တာပါ” လို့ သူက ဆိုပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ the Straits Times သတင်းဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ The Straits Times သတင်းဓာတ်ပုံ (ညာ)

ဓာတ်ပုံထဲကဓာတ်ဆီဆိုင်နဲ့ ကိုက်ညီတဲ့ ဒီ CEYPETCO ဓာတ်ဆီဆိုင်ကို Google Map ပေါ်က Matara မြို့မှာ တွေ့ရပါတယ်။

ဒီ AFP သတင်းမှာ ဖော်ပြထားသလို သီရိလင်္ကာနိုင်ငံမှာ ၁၉၄၈ ခုနှစ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း အဆိုးရွာဆုံးစီးပွားရေးအကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပါတယ်။ အဲဒီ အကျပ်အတည်းကြောင့် နိုင်ငံတဝန်း စက်သုံးဆီ၊ အစားအသောက်နဲ့ မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။

စက်သုံးဆီတင်သွင်းဖို့ ငွေကြေးပေးချေနိုင်ခြင်းမရှိတဲ့အတွက် နေ့စဉ်လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေပြီး ယာဉ်တွေဟာ ဓာတ်ဆီနဲ့ ရေနံဆီတွေရရှိဖို့အတွက် ဆီဆိုင်တွေအနီးမှာ တန်းစီစောင့်ဆိုင်းနေကြရတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ စက်သုံးဆီရရှိဖို့ တန်းစီနေတဲ့ယာဉ်တန်းရဲ့ဓာတ်ပုံလို့ပြောဆိုထားတဲ့ ပို့စ်အမှားတစ်ခုကိုလည်း AFP က အချက်အလက်စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

MYANMAR MILITARY COUP