A fruit vendor selling durians waits for customers at a market in Yangon on August 18, 2015. AFP PHOTO / Nicolas ASFOURI ( AFP / NICOLAS ASFOURI)

ဒူးရင်းသီးနဲ့ ကိုကာကိုလာ တွဲဖက်စားသုံးရင် သေစေနိုင်တယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့အဆိုတွေကို ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေ ငြင်းဆို

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 ဇွန် 2022 အချိန် 07h21
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဒူးရင်းသီးနဲ့ ကိုကာကိုလာကို တွဲဖက်စားသုံးရင်  အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် တွဲဖက်မစားသင့်ဘူးလို့ပြောဆိုထားတဲ့ Facebook ပို့စ်အတော်များများကို မြန်မာပြည်မှာ အကြိမ်ရေထောင်နဲ့ချီမျှဝေနေကြပါတယ်။ ဒီနားလည်မှုလွဲစေတဲ့ပို့စ်တွေဟာ နှစ်စဉ် ဒူးရင်းသီးရာသီရောက်တိုင်း အွန်လိုင်းမှာပျံ့နှံ့လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပြီး ဒူးရင်းသီးနဲ့ ကိုကာကိုလာကို အန္တရာယ်ကင်းစွာ အတူတကွစားသုံးနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက AFP ကို ပြောပါတယ်။ 

ဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က Facebook ပေါ်က ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၂,၇၀၀ ကျော်ရှိနေပါတယ်။ 

ဒီပို့စ်မှာ “ဒီချိန်က ဒူးရင်းသီးပေါချိန်ဆိုတော့ အားလုံးသတိပြုရအောင်ပါရှင့်” (မူရင်းအတိုင်း) ဆိုပြီးရေးသားထားပါတယ်။ 

ဒီပို့စ်နဲ့အတူ ဒူးရင်းသီးနဲ့ တွဲပြီးမစားသင့်ဘူးလို့ဆိုတဲ့ အခြားစားစရာတွေရဲ့ပုံတွေကိုလည်း အနီရောင်ကြက်ခြေခတ်နဲ့ ပြထားတာ တွေ့ရပါတယ်။ အဲဒီပုံတွေထဲမှာ ကိုကာကိုလာအပြင် အမဲသား၊ ဂဏန်း၊ ဘီယာနဲ့ အရက်တို့ပါဝင်ပါတယ်။ 

Image
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေအပြင် YouTube ဒီလင့်ခ်နဲ့ Blog ပို့စ် ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။ 

ဒါအပြင် ကိုကာကိုလာနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းက “မြွေဟောက်အကိုက်ခံရတာထက်ပိုဆိုးတယ်”ဆိုတဲ့ ပို့စ်တွေကိုလည်း ၂၀၂၂ ခုနှစ် မတိုင်ခင်ကတည်းက ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ခဲ့တာတွေ့ရပါတယ်။ 

ဒူးရင်းသီးဟာ အနံ့အရသာပြင်းပြီး အဆူးတွေပါတဲ့ အသီးတစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ ပေါကြွယ်စွာတွေ့နိုင်တယ်လို့ ပြင်သစ်အချက်အပြုတ်အညွှန်းစာအုပ်ဖြစ်တဲ့ Michelin Guide မှာ ဖော်ပြထားပါတယ်။ 

ဒါပေမဲ့ ဒူးရင်းသီးကို ကိုကာကိုလာနဲ့တွဲစားရင် သေနိုင်တယ်ဆိုတဲ့အဆိုဟာ မှားယွင်းပါတယ်။ 

ဒူးရင်းသီးကို ကိုကာကိုလာနဲ့ တွဲဖက်စာသုံးနိုင်တယ်လို့ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာတွဲဖက်လက်ထောက်ပါမောက္ခ Dr. Piyapan Prueksapanich က AFP ကိုပြောပါတယ်။ 

“ဒူးရင်းသီးကို ကိုကာကိုလာနဲ့ အတူတကွစားသုံးခြင်းက အန္တရာယ်မရှိသလို သင့်ရဲ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် အဆိပ်သင့်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ အဝလွန်မှုမဖြစ်အောင်တော့ အခြားသကြားဓာတ်များပြားတဲ့စားစရာတွေလိုပဲ ဒူးရင်းသီးနဲ့ ကိုကာကိုလာကိုလည်း အမြဲတမ်းစားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ဒါပေမဲ့ ဒီစားစရာနှစ်မျိုးကို အတူစားသုံးလို့ရပါတယ်။” ဆိုပြီး သူက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ ဖုန်းကနေတဆင့် AFP ကို ပြောပါတယ်။ 
ဒါပေမဲ့ Dr. Prueksapanich က ဒူးရင်းသီးကို အရက်သေစာနဲ့တွဲစားတာကိုတော့ ရှောင်ကြဥ်ဖို့သတိပေးခဲ့ပါတယ်။ 

“ဒူးရင်းသီးကို အရက်နဲ့တွဲစားတာတော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဒူးရင်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးက အရက်အဆိပ်သင့်တဲ့လက္ခဏာတွေကို ပိုမိုဆိုးရွားစေပြီး အခန့်မသင့်ရင် အသက်ပါဆုံးရှုံးစေနိုင်ပါတယ်။” လို့ သူကဖြည့်စွက်ပြောခဲ့ပါတယ်။ 

ချူလာလောင်ကွန်းတက္ကသိုလ်ဇီဝဗေဒဓာဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ Dr. Jessada Denduangboripant ကလည်း နားလည်မှုလွဲစေတဲ့အဆိုဟာ “အလိမ်အညာ”တွေ ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်၊ မေလ၂၁ ရက်နေ့က သူ့ရဲ့ Facebook စာမျက်နှာရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။ 

Image
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ရယူထားတဲ့ Dr. Denduangboripant ပို့စ်ရဲ့ Screenshot 

“ဒူးရင်းသီးရာသီရောက်တိုင်း ဒူးရင်းသီးကို အခြားစားစရာတွေနဲ့တွဲမစားရဘူးလို့ လိမ်ညာပြောဆိုတာတွေ အမြဲတမ်းတွေ့ရပါတယ်”ဆိုပြီး ဒီပို့စ်မှာရေးသားထားပါတယ်။ 

“ဒီဓာတ်ပုံမှာတွေ့ရတဲ့အတိုင်းပဲ (ဗီယက်နမ်နိုင်ငံကစတင်ခဲ့ပုံရပါတယ်) ဒူးရင်းသီးကို ဆိုဒါနဲ့ တွဲမစားရ၊ မင်းကွပ်သီးနဲ့တွဲမစားရ၊ ဂဏန်းနဲ့တွဲမစားရ၊ ခရမ်းသီးနဲ့တွဲမစားရ ဆိုပြီးပြောထားပါတယ်။ ဒါတွေအားလုံးဟာ လုံးဝမဟုတ်မှန်ပါဘူး။ ဒီအထဲမှာ ဒူးရင်းသီးကို အရက်နဲ့တွဲမသောက်သင့်ဘူး ဆိုတာတစ်ခုပဲ မှန်ကန်ပါတယ်။” 

ဒီပို့စ်ထဲမှာပါတဲ့ ဒူးရင်းသီးကို အမဲသား၊ ဂဏန်း စတာတွေ့နဲ့လည်း မစားသုံးသင့်ဘူးလို့ ပြောထားတာကိုတော့ ကျန်းမာရေးကျွမ်းကျင်သူနှစ်ယောက်လုံးက “အခြေအမြစ်မရှိတဲ့ပြောဆိုမှုတွေ” လို့ ဇွန်လ ၁ ရက်နေ့မှာ AFP ကို ပြောဆိုထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်