In this photo illustration, a person looks at a smart phone with a Facebook App logo displayed on the background, on August 17, 2021, in Arlington, Virginia. ( AFP / OLIVIER DOULIERY)

အမေရိကန် ဒဏ္ဍာရီလာသတ္တဝါအကြောင်း နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်မှာ Navajo ဌာနေတိုင်းရင်းသားပုံပြင်တွေထဲက တိရစ္ဆာန်အသွင်အမျိုးမျိုးပြောင်းနိုင်တဲ့ အသွင်ပြောင်းသတ္တဝါ (skinwalker) တစ်ကောင်ကို  ဘူမိဗေဒပညာရှင်တစ်ဦး တွေ့ရှိခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook အပါအဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။ ဓာတ်ပုံတွေထဲမှာ လူပုံသဏ္ဍာန်ရှိတဲ့ နောက်ပြန်တွားသွားတတ်တဲ့ သတ္တဝါတစ်ကောင်ကို မြင်ရပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း အဲဒီပုံတွေဟာ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်္ဂလိပ်သည်းထိပ်ရင်ဖိုရုပ်ရှင် "Xtro" ထဲက ဇာတ်ဝင်ခန်းတွေ ဖြစ်ပါတယ်။ ဒီအချက်အလက်အမှားဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။

အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာပါ။

ဘလော့ဂ်ပို့စ်တစ်ခုရဲ့လင့်ခ်ကို မျှဝေထားတဲ့ အဲဒီ Facebook ပို့စ်ကို အကြိမ်ရေ ၄၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ အဲဒီပို့စ်မှာ နောက်ပြန်တွားသွားတဲ့ လူပုံသဏ္ဍာန်သတ္တဝါတစ်ကောင်ရဲ့ပုံနှစ်ပုံ ပါဝင်ပါတယ်။

“နယူးမက္ကဆီကိုနိုင်ငံက တောစပ်တစ်နေရာမှာ ဘူမိဗေဒပညာရှင်တစ်ဦး ကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်စရာ ဖြစ်ရပ်”(မူရင်းအတိုင်း) ဆိုပြီး ဘလော့ဂ်ပို့စ်ရဲ့ခေါင်းစဉ်မှာ ဖော်ပြထားပါတယ်။

အဲဒီပို့စ်မှာ အခုလိုလည်း တစ်ပိုင်းတစ်စရေးထားပါတယ်။

“မကြာသေမီ အချိန်တုန်းက နယူးမက္ကဆီကိုနိုင်ငံ၊ အယ်လ်ဘူကွာစ်မြို့မှာ လူအများအပြားကြား တုန်လှုပ်ခြောက်ခြားစရာဖြစ်ခဲ့ရတဲ့ ထူးဆန်းတဲ့ ဓာတ်ပုံတချို့ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဆိုပါ ဓာတ်ပုံတွေကတော့ တောတွင်းတစ်နေရာကနေ အမည်မသိ သတ္တဝါကြီး တစ်ကောင်ထွက်လာတာကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်” (မူရင်းအတိုင်း)

Albuquerque ဟာ အမေရိကန်ပြည်ထောင်စု၊ အနောက်တောင်ဘက် နယူးမက္ကဆီကိုပြည်နယ်က အကြီးဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။

“ဒီဓာတ်ပုံတွေကို အဲ့ဒီဒေသအနီးရှိ ရေနံမြေတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘူမိဗေဒပညာရှင်တစ်ဦးက ရိုက်ယူထားတာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက သူ့ရဲ့ ဖော်ပြချက်မှာတော့ Skinwalker သတ္တဝါကဲ့သို့ ခြေလက်ချောင်းများအစုံပါရှိတာဖြစ်ပြီး သူတွေ့ရှိခဲ့တဲ့ အချိန်မှာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မှာတော့ သူတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီး မီနစ်ပိုင်းအတွင်းမှာပဲ လူအများအပြားကြားဆီကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်”(မူရင်းအတိုင်း) ဆိုပြီး ဆက်ရေးထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်က ရိုက်ယူထားတဲ့ Screenshot

အမေရိကန်ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ Navajo လူမျိုးတွေရဲ့ ရိုးရာပုံပြင်တွေအရ အသွင်ပြောင်းသတ္တဝါ (skinwalkers)တွေဟာ တိရစ္ဆာန်တွေအသွင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ စုန်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ဝံပုလွေငယ်၊ ဝံပုလွေ၊ မြေခွေး၊ ကျားသစ်၊ ခွေး၊ ဝက်ဝံ စတဲ့ ပုံသဏ္ဍာန်တွေနဲ့ မြင်တွေ့ရလေ့ ရှိတယ်လို့ ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အသွင်ပြောင်းသတ္တဝါ (skinwalkers)တွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ TikTok ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အဲဒီဒဏ္ဍာရီလာသတ္တဝါနဲ့ပတ်သက်တဲ့ရှင်းလင်းချက်တွေ၊ ပုံပြင်တွေကို မျှဝေခဲ့ကြတယ်လို့ ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာတွေ တင်ဆက်တဲ့ Dazed မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်

နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ပို့စ်မှာ ၂၀၁၄ ခုနှစ်က Albuquerque အခြေစိုက် KRQE News 13 ရုပ်မြင်သံကြားရဲ့ YouTube ဗီဒီယိုတစ်ခုကိုလည်း တွေ့ရပါတယ်။  ဗီဒီယိုရဲ့  ၅၀ စက္ကန့်နေရာမှာတော့ သတင်းတင်ဆက်သူက "တကယ်တမ်း ဒီဓာတ်ပုံက ၁၉၈၀ မှာ ထွက်ရှိတဲ့ သည်းထိတ်ရင်ဖို သိပ္ပံရုပ်ရှင် Xtro ကနေ ထုတ်ယူထားတာပါ" ဆိုပြီး ပြောဆိုထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဓာတ်ပုံတွေဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ Facebook ပို့စ် ဒီလင့်ခ်ဒီလင့်ခ်တွေမှာ အနည်းဆုံး ၂၀၁၄ ခုနှစ်လောက်ကတည်းက မျှဝေခဲ့ကြတာလည်း တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အဲဒီပုံတွေဟာ Facebook ရဲ့ ဒီလင့်ခ် နဲ့ YouTube ရဲ့ ဒီလင့်ခ်တွေမှာ ပျံ့နှံ့လာခဲ့ပြီး ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၅၅၀ ကျော်ရှိခဲ့ပါတယ်။

Facebook ပို့စ်တွေမှာ ရေးသားခဲ့တဲ့ မှတ်ချက်တွေအရ အဲဒီပို့စ်တွေဟာ ဖတ်ရှုသူတချို့ကို နားလည်မှုလွဲစေခဲ့ပါတယ်။

Facebook အသုံးပြုသူတစ်ဦးက “အဲ့ဒါပြိတ္တာတစ်မျိုးပဲလူဘဝကအကုသိုလ်တွေပြန်ခံစားနေရတာ”(မူရင်းအတိုင်း) ဆိုပြီး ရေးခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “ပေတ ၀တ္ထု အရဆိုရင် ပြိတ္တာ ဘဝပါ။ မိမိတို့ ပတ်ဝန်းကျင်မှာလဲ ရှိကြပါတယ်။ မတွေ့ မမြင်နိုင်ကြတာပါ။”(မူရင်းအတိုင်း) ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပါတယ်။

လူကြိုက်များတဲ့ဂန္ထဝင်သည်းထိတ်ရင်ဖိုရုပ်ရှင်

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံတွေဟာ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိသျှ သည်းထိတ်ရင်ဖို ရုပ်ရှင် "Xtro" ထဲက ဇာတ်ဝင်ခန်းမြင်ကွင်းတွေ ဖြစ်နေပါတယ်။ 

ရုပ်ရှင်ထဲမှာ ဂြိုလ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့ အမျိုးသားတစ်ဦးဟာ ပုံသဏ္ဍာန်တွေ ပြောင်းလဲသွားပြီး မိသားစုဆီ ပြန်လာတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။

ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားတဲ့ ပထမပုံကို YouTube ပေါ်က Xtro ရုပ်ရှင်ကြော်ငြာဗီဒီယိုရဲ့ ၂၄ စက္ကန့်နေရာမှာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓာတ်ပုံ (ဘယ်) နဲ့ ရုပ်ရှင်ကြော်ငြာ မြင်ကွင်း (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓာတ်ပုံ (ဘယ်) နဲ့ ရုပ်ရှင်ကြော်ငြာ မြင်ကွင်း (ညာ)

ရုပ်ရှင်အညွှန်းဝက်ဘ်ဆိုက် IMDb ပေါ်က ကြော်ငြာဗီဒီယိုရဲ့ ၂၂ စက္ကန့်နေရာမှာလည်း အဲဒီဓာတ်ပုံရဲ့ ပိုမှောင်တဲ့မြင်ကွင်းကို တွေ့ရပါတယ်။

မှောင်မည်းနေတဲ့ လမ်းတစ်ခုပေါ်မှာ လေးဘက်ထောက်ရပ်နေတဲ့ သတ္တဝါတစ်ကောင်ပါဝင်တဲ့ ဒုတိယဓာတ်ပုံကိုလည်း YouTube ပေါ်က အဲဒီရုပ်ရှင် ဇာတ်ဝင်ခန်းဗီဒီယိုတစ်ခုရဲ့ ၁၂ စက္ကန့်နေရာမှာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုရဲ့ဇာတ်ဝင်ခန်းမြင်ကွင်း (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုရဲ့ဇာတ်ဝင်ခန်းမြင်ကွင်း (ညာ) ( နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုရဲ့ဇာတ်ဝင်ခန်းမြင်ကွင်း (ညာ) / )

ဂြိုလ်သားသတ္တဝါတစ်ကောင်ဘေးက ကားနဲ့ ဖြတ်မောင်းသွားတဲ့ စုံတွဲတစ်တွဲရဲ့ ဇာတ်ဝင်ခန်းကိုလည်း အမေရိကန်အခြေစိုက် သည်းထိတ်ရင်ဖိုရုပ်ရှင်အညွန်း ဝဘ်ဆိုဒ် Bloody Disgusting ရဲ့ ရုပ်ရှင်အညွှန်းမှာလည်း ဖော်ပြထားပါတယ်။