ဖင်လန်နိုင်ငံ အနောက်ဘက်မှာ စစ်ရေးလေ့ကျင့်ဖို့ တင့်ကားတွေ ပို့ဆောင်တဲ့ ဗီဒီယိုသာ ဖြစ်ပါတယ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇွန် 2022 အချိန် 07h57
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
ဖင်လန်နိုင်ငံက NATO အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ဖို့ လျှောက်လွှာတင်ခဲ့ပြီးနောက် ရုရှားနဲ့ ဖင်လန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိလာတာနဲ့အတူ ဖင်လန်နိုင်ငံက ရုရှားနဲ့နယ်နမိတ်ဆက်စပ်နေတဲ့ အရှေ့နယ်စပ်ကို တင့်ကားတွေပို့ဆောင်နေတယ်ဆိုပြီး တင့်ကားတွေတင်ဆောင်လာတဲ့ ရထားတစ်စင်းရဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့က ဒီဗီဒီယိုမှာတွေ့ရတဲ့ တင့်ကားတွေဟာ ရုရှားနယ်စပ်နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ဖင်လန်နိုင်ငံအနောက်ပိုင်းကို ဦးတည်နေတာဖြစ်ပြီး ယူကရိန်းကိုရုရှားက စစ်ရေးကျူးကျော်မှုမစတင်ခင်ကတည်းက ပြင်ဆင်ထားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက်ဖြစ်တယ်လို့ AFP ကိုပြောဆိုခဲ့ပါတယ်။

“ဖင်လန်နိုင်ငံသည် အရှေ့ဘက်နယ်စပ်သို့ စစ်လက်နက်ပစ္စည်းများ ရွှေ့ပြောင်းနေသည်။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။

တင့်ကားအများအပြားကို တင်ဆောင်လာတဲ့ရထားတစ်စင်း ရထားလမ်းပေါ် ဖြတ်သန်းသွားတဲ့ပုံရိပ်ကို ဒီဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။

“သိပ်မကြာခင်မှာ အရှေ့နယ်စပ်မှာ စည်ကားတော့မယ်” ဆိုပြီး ဖင်လန်ဘာသာစကားနဲ့ အမျိုးသားတစ်ယောက်ရဲ့ ပြောဆိုသံကိုလည်း ဒီဗီဒီယိုထဲမှာ ကြားရပါတယ်။

Image
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ဒီဗီဒီယိုကို တူညီတဲ့ပြောဆိုမှုနဲ့ Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ဒီဗီဒီယိုထဲက Screenshot ဓာတ်ပုံကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားပါတယ်။

“ဖင်ယားတဲ့ဖင်လန်ဖြစ်တော့မယ်” (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက ပို့စ်တစ်ခုအောက်မှာ မှတ်ချက်ပေးထားပြီး ဒီဗီဒီယိုက လူမှုကွန်ရက်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။

ရုရှားက ယူကရိန်းကို စစ်ရေးကျူးကျော်မှုစတင်ခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့က NATO အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ဖို့ တရားဝင်လျှောက်လွှာတင်သွင်းခဲ့ပြီး ဆယ်စုနှစ်များစွာ ကိုင်ဆောင်ခဲ့တဲ့ စစ်ရေးဘက်မလိုက်မူဝါဒကို အဆုံးသတ်ခဲ့ပါတယ်။

ရုရှားသမ္မတ Vladimir Putin က ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ NATO အဖွဲ့ထဲဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မသတ်မှတ်ပေမယ့် စစ်တပ်လက်နက်ပို့ဆောင်တပ်ဆင်တာတွေကိုတော့ လုံးဝသည်းခံမှာမဟုတ်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီပုံရိပ်တွေကို “ဖင်လန်နိုင်ငံက Arrow 22 စစ်ရေးလေ့ကျင့်မှုအတွက် စစ်ကိရိယာတွေ ရွှေ့ပြောင်း” ဆိုတဲ့ခေါင်းစဥ်နဲ့အတူ YouTube ဗီဒီယိုတစ်ခုမှာ တွေ့ရပါတယ်။

ဒီဗီဒီယိုရဲ့ဖော်ပြချက်မှာ ဖင်လန်၊ ဗြိတိန်၊ အမေရိကန်၊ အက်စ်တိုးနီးယား နဲ့ လတ်ဗီးယားတပ်ဖွဲ့တွေပါဝင်တဲ့ Arrow 22 စစ်ရေးလေ့ကျင့်မှုအကြောင်း ရေးသားထားပါတယ်။

ဖင်လန်နိုင်ငံ Niinisalo မှာပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဖင်လန်ကာကွယ်ရေးတပ်မတော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့နဲ့ မေလ ၂ ရက်နေ့အကြား ဖင်လန်နိုင်ငံအနောက်ပိုင်းက Niinisalo နဲ့ Kankaanpaa မြို့တွေထံသို့ “ခြေရာခံယာဥ်များကို ရထားနှင့်ပို့ဆောင်သွားမည်” ဆိုပြီး ဒီကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ တင့်ကားတွေကို စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် သယ်ဆောင်နေတာဖြစ်တယ်လို့ ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ ဖော်ပြထားတဲ့ ဒီ Tweet မှာလည်း ရေးသားထားပါတယ်။

ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Henrik Gahmberg က Arrow စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဥ်ပြုလုပ်နေကျ နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်ရေးတစ်ခုသာဖြစ်ပြီး ယူကရိန်းပဋိပက္ခနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို AFP ကိုပြောဆိုခဲ့ပါတယ်။

“ဒီဗီဒီယိုထဲက တင့်ကားတွေဟာ Arrow 22 လေ့ကျင့်ရေးဆီကိုသွားနေတဲ့ တင့်ကားတွေဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးကို ယူကရိန်းမှာ စစ်မဖြစ်ခင်ကတည်းက စီစဥ်ထားတာဖြစ်ပြီး ယူကရိန်းစစ်ပွဲနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူး” လို့ သူက ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ AFP ကို ပြောခဲ့ပါတယ်။

“ရုရှားနဲ့နယ်စပ်ကို စစ်ကိရိယာတွေပို့ဆောင်နေတာမရှိပါဘူး။ အခုလောလောဆယ်မှာ ဖင်လန်အပေါ် စစ်ရေးခြိမ်းခြောက်မှုတွေ မရှိသေးပါဘူး” လို့လည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့ က ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ Niinisalo မှာပြုလုပ်ခဲ့တဲ့ Arrow စစ်ရေးလေ့ကျင့်မှုကြေညာချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

Gahmberg က ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ တင့်ကားတွေကို မြို့တော် Tampere ရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ Parola ကနေ Niinisalo ကို ပို့ဆောင်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Google Maps မှာတွေ့ရတဲ့အတိုင်း ဒီရထားလမ်းကြောင်းဟာ ဒီဗီဒီယိုကို ရိုက်ယူထားတဲ့နေရာနဲ့ ၂၇၀ ကီလိုမီတာ (၁၇၀ မိုင်) အကွာမှာ တည်ရှိပြီး Tampere ကိုဖြတ်ကာ ရရှားနယ်စပ်နဲ့ဆန့်ကျင်ဘက်ကို ဦးတည်နေပါတယ်။

ဗီဒီယိုတည်နေရာ

ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ပုံရိပ်တွေက Google Maps မှာတွေ့ရတဲ့ Tampere မြို့ရဲ့ပုံရိပ်တွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။ ဒီဗီဒီယိုရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပုံရိပ်တွေထဲမှာ Tampere ရဲ့ ထင်ရှားတဲ့ Nasinneula စောင့်ကြည့်မျှော်စင် (မှင်ပြာနှင့်အမှတ်အသား) ကို နောက်ကွယ်မှာတွေ့နိုင်ပြီး အခြားထင်ရှားတဲ့အဆောက်အအုံတွေကိုလည်း တွေ့ရပါတယ်။

Image

၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့က Niinisalo မှာပြုလုပ်တဲ့ Arrow 22 စစ်ရေးလေ့ကျင့်မှုက ဓာတ်ပုံတွေကို AFP က ဒီ Tweet မှာ ဖော်ပြထားပါတယ်။

The Finnish Broadcasting Company ကလည်း Arrow 22 စစ်ရေးလေ့ကျင့်မှုအတွက် တင့်ကားတွေကို ရထားနဲ့ပို့ဆောင်ခဲ့တဲ့သတင်းကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ