ဖိလစ်ပိုင်အစိုးရစိုက်ထူထားတဲ့ ရေအောက်ကမယ်တော်မာရီရုပ်တုဗီဒီယိုကို အချက်အလက်မှားတွေနဲ့ ပြန်လည်မျှဝေ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အိန္ဒိယသမုဒ္ဒရာထဲ လေယာဉ်ပျက်တစ်စီးကို လိုက်ရှာရင်း မယ်တော်မာရီရုပ်တုကို တွေ့ရှိခဲ့တယ်ဆိုတဲ့ပြောဆိုမှုနဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေ သိန်းချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ ဗီဒီယိုထဲမှာမြင်ရတာ ၂၀၁၀ ပြည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ၊ Danajon သန္တာကျောက်တန်းမှာ အစိုးရအရာရှိတွေ စိုက်ထူထားတဲ့ မယ်တော်ရုပ်တုဖြစ်ပြီး ရေငုပ်သမားတွေက ရုပ်တုရဲ့အခြေအနေကို စစ်ဆေးကြည့်ရှုနေကြတာဖြစ်ပါတယ်။

မယ်တော်မာရီရုပ်တုကို ရေငုပ်သမားတွေ လှည့်ပတ်သွားလာနေတဲ့ သုံးမိနစ်ကြာဗီဒီယိုကို Facebook ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်က မျှဝေထားတာတွေ့ရပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားတချို့က အခုလိုဖြစ်ပါတယ်။ “လေယာဉ်ကျတာကို လိုက်ရှာရင်း အိန္ဒိယ သမုဒ္ဒရာ ထဲ၌ အမိမယ်တော် ဆင်းတုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။” (မူရင်းအတိုင်း)

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ရယူထားတဲ့ screenshot


မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ MH370 လေယာဉ်ကို ရေငုပ်သမားတွေ လိုက်ရှာကြတယ်ဆိုတဲ့ပို့စ်တွေဟာ အွန်လိုင်းမှာ ပျံ့နှံ့နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် YouTube ဒီလင့်ခ်မှာ တင်ထားသလိုမျိုးပါ။ ဒီဗီဒီယိုဟာ ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ခရီးသည် ၂၃၉ ဦး လိုက်ပါလာတဲ့ လေယာဉ်ကြီးပျက်ကျပြီး တစ်လအကြာမှာ တင်ထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက လေယာဉ်ပျက်ကျမှုဟာ လေကြောင်းပျံသန်းမှုသမိုင်းမှာ အထူးဆန်းဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဩစတေးလျနိုင်ငံဦးဆောင်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ရှာဖွေမှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ယာယီရပ်နားပါတယ်။ ဒါပေမဲ့ နားလည်မှုလွဲစေတဲ့ဗီဒီယိုကတော့ အင်္ဂလိပ်စပိန်ပေါ်တူဂီရုရှားပြင်သစ် စတဲ့ဘာသာစကားတွေနဲ့ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၄.၇ သန်းကျော်ရှိပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့ ဒီဗီဒီယိုကို ၂၀၁၃ ခုနှစ်၊ မေလ ၂၆ ရက်က YouTube ပေါ်မှာ Steven Coan ဆိုသူ တင်ထားတာ တွေ့ရပါတယ်။ Steven Coan ကတော့ သူ့ကိုယ်သူ ဖိလစ်ပိုင်က ဝဘ်ဆိုဒ်ဒီဇိုင်နာတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗီဒီယိုရည်ညွှန်းစာက အခုလိုဖြစ်ပါတယ်။ “ဖိလစ်ပိုင်နိုင်ငံ၊ Bohol မြို့တွင် မယ်တော်မာရီရုပ်တုကို လူထောင်ချီ လာရောက်ဖူးမျှော်ခဲ့ကြသည်။ အံ့ဖွယ်သရဲဖြစ်စဉ်ဖြစ်ပြီး ရေအောက်တွင် ထားရှိပါသည်။ မယ်တော်မာရီ ရှင်သန်နေဆဲဖြစ်ပါသည်။ Bohol မြို့ရှိ သန္တာကျောက်တန်းများတွင် ဒိုင်းနမိုက်ခွဲ၍ ငါးဖမ်းဆီးနေမှုများကို ရပ်တန့်ရန်ရည်ရွယ်၍ ရုပ်တုကို ထားရှိခြင်းဖြစ်သည်။ အောင်မြင်ပါသည်။ ရုပ်တုထားရှိချိန်မှစ၍ ဒေသခံများ ဒိုင်းနမိုက်ခွဲ၍ ငါးဖမ်းခြင်းများ မရှိတော့ပါ”

Bhohl ပင်လယ်ဟာ Bohol ကျွန်းရဲ့ တောင်ဘက်မှာရှိပြီး ရေငုပ်အပမ်းဖြေတဲ့နေရာအဖြစ် ဖိလစ်ပိုင်မှာ လူသိများပါတယ်။ Danajon သန္တာကျောက်တန်းကတော့ Bohol ပင်လယ်ထဲမှာ တည်ရှိပါတယ်။ Coan ကတော့ ဒီဗီဒီယိုကို ရုပ်တုစတင်ထားရှိတဲ့ ၂၀၁၀ ပြည့်နှစ်မှာ ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ AFP ကို အီးမေးလ်ကနေ အတည်ပြုဖြေကြားခဲ့ပါတယ်။

“ဟုတ်ကဲ့။ အဲဒါ ကျွန်တော့်ဗီဒီယိုပါ။ ၂၀၁၀ မှာ ကျွန်တော်ရိုက်ကူးခဲ့တာပါ” လို့ သူက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုဟာ ၁၃ မိနစ်ကြာမြင့်တဲ့ မူရင်းဗီဒီယိုရဲ့ ၄၄ စက္ကန့်မှာ သွားတူနေတာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ မူရင်းဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ .

နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ မူရင်းဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

မူရင်းဗီဒီယိုမူပွားကို Bohol မြို့ရဲ့ မြို့တော်စည်ပင်ဌာန Bien Unido ကို ပေးခဲ့တယ်လို့ Coan က AFP ကို ပြောပါတယ်။

ဖိလစ်ပိုင်သတင်းဌာန တစ်ခုဖြစ်တဲ့ GMA မှာ အလားတူဗီဒီယိုကို သူတို့ရဲ့ YouTube ချန်နယ် ဒီလင့်ခ်မှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က တင်ထားပြီး Bien Unido ကနေ ရယူတယ်လို့ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် ခရီးသွား ဝဘ်ဆိုဒ်တစ်ခုရဲ့အဆိုအရ မယ်တော်မာရီရုပ်တုကို ယေရှုခရစ်တော်ရဲ့ ကလေးဘ၀ကိုကိုယ်စားပြုတဲ့ Santo Niño ရုပ်တုနဲ့အတူတူ စိုက်ထူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံသတင်းစာတစ်စောင်ဖြစ်တဲ့ The SunStar Cebu မှာလည်း ရုပ်တုတွေအကြောင်း ၂၀၁၂ ခုနှစ်မှာ သတင်းရေးသားဖော်ပြထားပါတယ်။