Roger Cloutier in an interview with AFP on December 4, 2018, in Washington DC ( AFP / THOMAS WATKINS)

ခရိုင်းမီးယားမှာဖမ်းဆီးတဲ့ဗီဒီယိုကို အမေရိကန်ဗိုလ်ချုပ်ကြီးအဖမ်းခံရလို့ဆိုထားတဲ့အချက်အလက်မှားဗီဒီယိုပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရုရှားအထူးထောက်လှမ်းရေးအဖွဲ့က အမျိုးသားတစ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာတဲ့ဗီဒီယိုကို Facebook ပို့စ်တွေမှာ အကြိမ်ရေထောင်ချီ ကြည့်ရှုခဲ့ကြပြီး ဒါဟာ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို ယူကရိန်းမှာဖမ်းမိတာလို့ ဆိုထားပါတယ်။ ဒါပေမဲ့ AFP ရဲ့ စုံစမ်းစစ်ဆေးမှုအရ ခရိုင်းမီးယားဒေသမှာ “တရားမဝင်လက်နက်ကိုင်အဖွဲ့” တစ်ဖွဲ့ကို လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့ သံသယမှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိတဲ့သတင်းနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ နေတိုးအဖွဲ့ကတော့ အမေရိကန်ဗိုလ်ချုပ်ကြီး Roger Cloutier ကို ယူကရိန်းမှာ ဖမ်းမိတယ်လို့ဆိုထားတဲ့ ကောလာဟလတွေဟာ မဟုတ်မှန်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားပြီးဖြစ်ပါတယ်။ 

ဧပြီလ ၁၄ ရက်နေ့က တင်ထားတဲ့ Facebook ပို့စ် တစ်ခုမှာတော့ အခုလို ဆိုထားပါတယ်။ 

ဧပြီလ ၁၄ ရက်နေ့က တင်ထားတဲ့ Facebook ပို့စ်တစ်ခုမှာတော့ အခုလို ဆိုထားပါတယ်။ “အတည်ပြုခဲ့သည်- Mariupol ကို ထွက်ပြေးရန် ကြိုးစားစဉ် ရုရှားက ဖမ်းဆီးထားသော အမေရိကန် ဗိုလ်ချုပ်။ ယူကရိန်းနှင့် ကြေးစားတပ်များကို စစ်ရေးအရ လမ်းညွှန်ပေးပြီးနောက် #Mariupol ကို ထွက်ပြေးရန် ကြိုးပမ်းစဉ် အမေရိကန် ဗိုလ်ချုပ်ကြီး Roger L. #Cloutier ကို ရုရှားက ဖမ်းမိခဲ့သည်။” (မူရင်းအတိုင်း)

ကြည့်ရှုတဲ့အကြိမ်ရေ ၃၃၀၀ ကျော်ရှိခဲ့တဲ့ ခပ်ဝါးဝါးဗီဒီယိုမှာ လျှာထိုးဦးထုပ်ဆောင်းထားတဲ့လူတစ်ယောက်ကို စစ်ယူနီဖောင်းဝတ်ထားတဲ့လက်နက်ကိုင်တွေက ဖမ်းခေါ်သွားတာ တွေ့ရပါတယ်။ 

၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ Video ရဲ့ Screenshot

  

ဒီဗီဒီယိုဟာ အင်္ဂလိပ်မြန်မာပြင်သစ်နဲ့ ရိုမေးနီးယားတို့အပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ Facebook နဲ့ Twitter ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

တပ်နဲ့အ၀ိုင်းခံထားရတဲ့ မာရီအူပေါလ်မြို့ဟာ ယူကရိန်းအရှေ့တောင်ပိုင်းမှာရှိပြီး ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားဒေသနဲ့ ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ဒေသကြားမှာ တည်ရှိပါတယ်။ မာရီအူပေါလ်မြို့မှာ ယူကရိန်းစစ်ပွဲကာလအတွင်း အပြင်းထန်ဆုံးတိုက်ပွဲတချို့လည်း ဖြစ်ခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့မှာတော့ မာရီအူပေါလ်မြို့က Azovstal သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ ဒဏ်ရာရစစ်သည် ၈၀ အပါအဝင် ယူကရိန်းစစ်သည် ၉၅၉ ဦး လက်နက်ချခဲ့ကြတယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။ 

နေတိုးရဲ့ငြင်းဆိုချက်

နေတိုးမဟာမိတ်ကွပ်ကဲရေးစစ်ဌာနချုပ်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး Cloutier ဟာ မာရီအူပေါလ်မြို့မှာ ရုရှားတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရတယ်ဆိုပြီး ဧပြီလတုန်းက ပျံ့နှံ့ခဲ့တဲ့ ကောလာဟလတွေကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ဖူးပါတယ်။ 

ယူကရိန်းမှာ ဗိုလ်ချုပ်ကြီး Cloutier ကို ဖမ်းမိတယ်ဆိုတဲ့ကောလာဟလတွေဟာ အခြေအမြစ်မရှိဘူးလို့ နေတိုးအဖွဲ့ရဲ့ ဥရောပတိုက်ဆိုင်ရာ မဟာမိတ်ဌာနချုပ် (SHAPE) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ဧပြီလ ၂၇ မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

“ဒီပြောဆိုချက်တွေဟာ လုံး၀ကို မှားယွင်းပါတယ်” လို့ အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ 

အဲဒါအပြင် Cloutier ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ယူကရိန်းမြို့တော် ကိဗက်ဗ်မှာလုပ်တဲ့ဆွေးနွေးပွဲကို တက်ရောက်ပြီးနောက်ပိုင်းကစလို့ ယူကရိန်းကို သွားရောက်တာမျိုး မရှိခဲ့ဘူးလို့ နေတိုးအဖွဲ့က ထပ်လောင်း အတည်ပြုထားပါတယ်။ အဲဒီတုန်းက ဆွေးနွေးပွဲဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ နေတိုးအဖွဲ့အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

မှားယွင်းတဲ့ပြောဆိုမှုတွေ လူမှုမီဒီယာတွေမှာပျံ့နှံ့လာပြီးနောက်ပိုင်းမှာပေါ်လာတဲ့ပုံရိပ်တွေမှာတော့ Cloutier ကို စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေပုံတွေ တွေ့ရပါတယ်။ 

ဧပြီလ ၂၇ ရက်နေ့မှာ Cloutier ဟာ နေတိုးထိပ်တန်းအရာရှိတစ်ဦးနဲ့ လက်ဆွဲနှုတ်ဆက်နေပုံကို သူ့ရဲ့ LinkedIn မှာ တင်ထားတာ တွေ့ရပါတယ်။ 

“ဧပြီ ၂၇ မှာ မဟာမိတ်လေကြောင်းကွပ်ကဲရေး (AIRCOM) က တပ်မှူးတွေနဲ့ တွေ့ဆုံပြီး နေတိုးအဖွဲ့ရဲ့ လေကြောင်းနဲ့ ကြည်းကြောင်းပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံတွေကို ဆွေးနွေးခွင့်ရခဲ့ပါတယ်” လို့ သူက ရေးသားထားပါတယ်။ 

နောက်တစ်ရက်မှာ နေတိုးမဟာမိတ်လေကြောင်းကွပ်ကဲရေးဌာနချုပ်ရဲ့ တရားဝင် Facebook ပေ့ချ်မှာ အလားတူပုံနဲ့အတူ တခြားစစ်သည်အများအပြားနဲ့ Cloutier တို့တွဲရိုက်ထားတဲ့ဓာတ်ပုံကို တင်ထားတာ တွေ့ရပါတယ်။ 

ဧပြီလ ၁၈ ရက်နေ့မှာတင်ထားတဲ့ နောက်ထပ် LinkedIn ပို့စ်တစ်ခုမှာ နေတိုးမဟာမိတ်ကြည်းကြောင်းကွပ်ကဲရေးဌာနချုပ်ရှိတဲ့ တူရကီနိုင်ငံ၊ Izmir မြို့က အခမ်းအနားတစ်ခုမှာ စကားပြောနေတဲ့ Cloutier ကို တွေ့ရပါတယ်။ 

ခရိုင်းမီးယားက ဖမ်းဆီးမှု

Yandex မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မှားယွင်းပျံ့နှံ့နေတဲ့ဗီဒီယိုဟာ ရုရှားသတင်းတွေမှာ တွေ့ရပြီး “တရားမဝင်လက်နက်ကိုင်အဖွဲ့” တစ်ဖွဲ့ကို ကူညီတယ်လို့ သံသယဖြစ်မှုနဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရတဲ့အကြောင်း ရေးသားထားပါတယ်။ 

ဒီဗီဒီယိုကို ရုရှားနိုင်ငံပိုင်သတင်းဌာန TASS နဲ့ နိုင်ငံပိုင်ရုပ်သံလိုင်း Zvezda တို့မှာ တင်ထားတာတွေ့ရပြီး မတ်လတုန်းက ခရိုင်းမီးယားဒေသမှာ အမျိုးသားတစ်ဦးကို ရုရှားထောက်လှမ်းရေးတပ်ဖွဲ့ FSB က ဖမ်းဆီးခဲ့တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ 

ဗီဒီယိုထဲမှာမြင်ရသူတွေရဲ့ ယူနီဖောင်းပေါ်က FSB ဆိုတဲ့စာလုံးတွေဟာလည်း ထောက်လှမ်းရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတင်ထားတဲ့ဗီဒီယိုထဲကပုံရိပ်တွေနဲ့ တူညီမှုရှိတာတွေ့ရပါတယ်။ 

မေလ ၁၈ ရက်က ရိုက်ယူထားတဲ့ Screenshot
FSB ဝဘ်ဆိုဒ်ပေါ်က ဗီဒီယိုရဲ့ Screenshot

 

 

TASS နဲ့ Zvezda တို့မှာတော့ အမည်ဖော်ပြမထားတဲ့ အဆိုပါအမျိုးသားဟာ “တရားမဝင်တာတာတပ်ရင်းတစ်ခု” ကို အစားအသောက်နဲ့ပစ္စည်းကိရိယာတွေ ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခရိုင်းမီးယားတာတာတွေဟာ မွတ်စလင်အများစုပါဝင်တဲ့ တိုင်းရင်းသားလူနည်းစုဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားကို ရုရှားကျူးကျော်မှုအပေါ် ဆန့်ကျင်သူတွေလည်းဖြစ်ပါတယ်။ 

လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ဗီဒီယိုရဲ့ အပေါ်ဘက်ထောင့်နားက Cloutier ရဲ့ပုံရိပ်ကတော့ ရုရှားသတင်းတွေမှာ ပါဝင်ခြင်းမရှိပါဘူး။ 

အဲဒါအပြင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီဗီဒီယိုမှာ ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti ရဲ့ ရေစာပါဝင်နေတာ တွေ့ရပါတယ်။

အဓိကစကားလုံးသုံးပြီး ထပ်မံရှာဖွေကြည့်တဲ့အခါ ဧပြီ ၇ ရက်နေ့က RIA Novosti မှာ တင်ထားတဲ့ဆောင်းပါးတစ်ပုဒ်မှာ အလားတူဗီဒီယိုပါဝင်ပြီး “ခရိုင်းမီးယားတာတာတပ်ရင်းမှ လူတစ်ဦးကို ခရိုင်းမီးယားတွင်ဖမ်းမိ” ဆိုပြီး ခေါင်းစဉ်တပ်ထားတာ တွေ့ရပါတယ်။ 

Ria Novosti ဝဘ်ဆိုဒ်ပေါ်က ဆောင်းပါးရဲ့ Screenshot

ယူကရိန်းပဋိပက္ခနဲ့ဆက်စပ် အချက်အလက်မှားတွေကို AFP က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ စုစည်းဖော်ပြထားပါတယ်။