ဒီဓာတ်ပုံဟာ ဟွန်ဒါကုမ္ပဏီအကြီးအကဲရဲ့ပုံဖြစ်ပြီး ဂျပန်စွမ်းအင်ဝန်ကြီးရဲ့ဓာတ်ပုံမဟုတ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမျိုးသားတစ်ဦး သတင်းထောက်တွေရှေ့မှာ ဦးညွတ်နေတဲ့ဓာတ်ပုံကို ဂျပန်နိုင်ငံရဲ့ရွာလေးတစ်ရွာမှာ မိနစ် ၂၀ ကြာမီးပျက်မှုအတွက်ပြည်သူတွေကို ဦးညွတ်တောင်းပန်နေတဲ့ ဂျပန်စွမ်းအင်ဝန်ကြီးရဲ့ဓာတ်ပုံဆိုပြီး Facebook မှာမျှဝေနေကြပါတယ်။ ဒီပို့စ်ဟာ မြန်မာနိုင်ငံထဲမှာ မီးပျက်မှုတွေပိုမိုအဖြစ်များလာချိန်မှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။ ဒီဓာတ်ပုံမှာတွေ့ရတဲ့သူဟာ ဟွန်ဒါကားထုတ်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်း Takahiro Hachigo ဖြစ်ပြီး ကုမ္ပဏီရဲ့ဥက္ကဋ္ဌရာထူးကို ၂၀၁၅ ခုနှစ်မှာရယူခဲ့ပြီး ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၇၀ ကျော်ရှိနေပါတယ်။

ဒီဓာတ်ပုံရဲ့ အပေါ်ကစာသားမှာ “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တောက်ခဲ့သည့်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူ့ရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ” (မူရင်းအတိုင်း) ဆိုပြီးရေးသားထားပါတယ်။

“မြန်မာပြည်မှာသာဝန်ကြီးလာဖြစ်ရင် တောင်းပန်ရရိုးနဲ့ လဲကျသေနိုင်တယ်” (မူရင်းအတိုင်း) စာသားကို ဒီပိုစ့်နဲ့အတူတွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

မြန်မာနိုင်ငံထဲမှာအရင်ကတည်းက လျှပ်စစ်မီးပျက်တောက်မှုဖြစ်ပွားလေ့ရှိပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း လျှပ်စစ်မီးအကျပ်အတည်း ပိုမိုအဖြစ်များလာခဲ့ပါတယ်။

ရန်ကုန်မြို့နဲ့ အခြားမြို့နေပြည်သူတွေဟာ တစ်နေ့မှာ ၆ နာရီခန့်ကြာမြင့်တဲ့ လျှပ်စစ်မီးပျက်တောက်မှုတွေကို ပိုမိုကြုံတွေ့ရင်ဆိုင်နေရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း မျှဝေထားပါတယ်။

ဒါ့အပြင်ဒီဓာတ်ပုံကို စစ်တပ်အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်ကလည်း Facebook ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။

အဓိကကျတဲ့ စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ Nippon News က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ဖော်ပြထားတာတွေ့ရပါတယ်။

“ဂျပန်နိုင်ငံရဲ့ ဦးဆောင်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Honda Motor Co., ရဲ့ ဥက္ကဠအသစ်ဖြစ်သူ Takahiro Hachigo မှ ရာထူးလက်ခံရယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တိုကျိုရုံးချုပ်တွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့သည်” ဆိုပြီး ဓာတ်ပုံရဲ့စာသားမှာဖော်ပြထားပါတယ်။

“Hachigo ဟာ ၁၉၈၂ ခုနှစ်ကတည်းကဟွန်ဒါနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ US စျေးကွက်အတွက် သီးသန့် ဖန်တီးခဲ့တဲ့ U.S.-built Odyssey မီနီဗန်ရဲ့ ပထမဆုံးမျိုးဆက်ကို တည်ဆောက်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။”

အောက်မှာနားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ(ဘယ်)ကို Nippon News ဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတာကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ(ဘယ်) နဲ့ Nippon News ဓာတ်ပုံ (ညာ)

ဒီသတင်းစာရှင်းလင်းပွဲက Hachigo ရဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း Nippon News က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲက Hachigo ရဲ့ ဓာတ်ပုံတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြထားပါတယ်။

အောက်မှာ AFP ကဖော်ပြထားတဲ့ Hachigo ရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံကိုတွေ့နိုင်ပါတယ်။

AFP ကဖော်ပြထားတဲ့ Hachigo ရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံ ( AFP / YOSHIKAZU TSUNO)

ဟွန်ဒါကထုတ်ပြန်ထားတဲ့ အဲ့ဒီသတင်းစာရှင်းလင်းပွဲအကျဥ်းချုပ်ရဲ့ အဓိကအချက်အလက်နှစ်ခုထဲမှာ ကမ္ဘာ့ဈေးကွက်တိုးချဲ့နိုင်ရေးနဲ့ ဈေးကွက်ကိုစိန်ခေါ်နိုင်တဲ့ ထုတ်ကုန်ဖန်တီးနိုင်ရေးသာပါဝင်ပြီး ပြည်သူတွေကို တောင်းပန်တဲ့အကြောင်းအရာ မပါရှိပါဘူး။

Hachigo ဟာ ဟွန်ဒါကုမ္ပဏီရဲ့ဥက္ကဠရာထူးကနေ ၂၀၂၁ ခုနှစ်မှာ နှုတ်ထွက်ခဲ့ပြီး သူ့နေရာမှာ Toshishiro Mibe က အစားထိုးဝင်ရောက်ခဲ့ပါတယ်။

Myanmar military coup